ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးရေးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မှာကြား

28_Pic01

=================================================
နေပြည်တော်၊ ၂၇-၁၂-၂၀၁၇
=================================================

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၇) ကို (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရအသစ်သည် ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ အားထုတ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လူတိုင်း ကလေးသူငယ်မှအစ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဖော်ဆောင်ပေးခြင်းသည် မညီမျှခြင်း၊ စိတ်ခံစားမှု ပြင်းထန်စေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခများကို လျော့နည်းစေသဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ပါကြောင်း၊ ကလေးသူငယ်များ၏အခွင့်အရေးကာကွယ်ပေးရေးနှင့် အကျိုး စီးပွားမြှင့်တင်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို မကြာမီပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊ ဥပဒေ အသစ်ပြဌာန်း ပြီးပါက လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အပြည့်အဝ ဖော်ထုုတ်ပေးနိုင်ရေး နိုင်ငံတော်အစိုးရက ဦးဆောင်၍ ကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်း ကလေးသူငယ်များနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ၊ အလွဲသုံးစားပြုမှုများ၊ လျစ်လျူရှုမှုများ၊ ခေါင်းပုံဖြတ်မှုများကို မည်သည့်နည်းနှင့်မျှမပြုကြရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့နိိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ စာချုပ်တွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် (၅)ရပ်ဖြစ်သည့် ဥပဒေပြဌာန်းခြင်း၊ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို လိုက်နာဆောင်ရွက်လျက််ရှိပါကြောင်း၊ ဒေသတွင်း အဆင့်တွင်လည်း အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်နှင့် အာဆီယံ လူမှုဝန်ထမ်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင်လည်း ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးမူဝါဒနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစဉ်များကို ဦးစားပေးရေးဆွဲချမှတ်ရန် လိုကြောင်း၊ ကလေးများသည် အကြောင်းအမျိုးမျိုးကြောင့် ကလေးအလုပ်သမား၊ အလုပ်လုပ်နေသော ကလေး၊ လမ်းပေါ်နေကလေးများအဖြစ် ရပ်တည်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ကလေးများအတွက် နိုင်ငံတော်အဆင့် ကိန်းဂဏန်း အချက်အလက်များ လိုအပ်နေသေးပါကြောင်း၊ ကလေးသူငယ် အခွင့်အရေး(၄)ရပ်ကို အပြည့်အဝဖော်ထုတ်ပေးနိုင်ရေးအတွက် လုပ်ကိုင်နေသူများကို စနစ်တကျ လေ့ကျင့် သင်ကြား ပေးရေးနှင့် အသိပညာပေး ကဏ္ဍများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံက တင်သွင်း မည့် ပဥ္စမနှင့်ဆဌမအကြိမ်ပူးတွဲ အစီရင်ခံစာကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက ဦးဆောင် ရေးသားပေးရန်လိုပါကြောင်း၊ ကလေးသူငယ်များအတွက် အကျိုးရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ယနေ့အစည်းအဝေးတွင် ဆွေးနွေးဖော်ထုတ် ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၆) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူးဒေါ်ရူပါမြက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းသို့ မြန်မာနိုင်ငံကတင်သွင်းမည့် ပဥ္စမနှင့်ဆဌမအကြိမ် ပူးတွဲ အစီရင်ခံစာနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းနိုင်ရေး ဆောင်ရွက်ထား ရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က အသီးသီးရှင်းလင်း တင်ပြခဲ့ရာ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ ပညာရှင်များက ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝဖော်ထုတ်ပေးနိုင်ရေး အကြံပြုဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events