၁၃.၁၂.၂၀၁၇၊ နေပြည်တော်
UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Comittee of the Red Cross – ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်ခံရသူများ အားလုံးသို့ လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကူညီထောက်ပံ့မှုများအပေါ် ဒေသခံများမှ ကောင်းမွန်သော အမြင်တုန့်ပြန် ချက်များနှင့် အကူအညီများ၏အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ အချို့နေရာများတွင် စိုးရိမ် ပူပန်မှုများ အနည်းငယ်တွေ့ရသော်လည်း အခြေအနေအရပ်ရပ်မှာ အကောင်းဘက်သို့ တိုးတက်နေပါကြောင်း ပြောကြားပြီး ကြက်ခြေနီလှုပ်ရှားမှုဖြင့် ထောက်ပံ့နေသော အစားအစာဖြန့်ဝေခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်နှင့် လူနေမှုဘဝ ပုံမှန်အခြေအနေသို့ ရောက်ရှိနေရေးအတွက် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့် အတူ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ICRC အနေဖြင့် ကူညီလိုမှုကိစ္စများ၊ ငွေကြေးထောက်ပံ့ရေး၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားရေး လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ICRC အနေဖြင့် စီမံကိန်းရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြသွားမည့် အစီအစဉ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း လူသားချင်းစာနာကူညီမှု အထောက်အပံ့ပေးနိုင်ရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအသက် (၂)နှစ်အထိ ထောက်ပံ့ငွေ ပေးအပ်ခြင်းအစီအစဉ် ချဲ့ထွင်နိုင်ရေးအတွက် ငွေကြေးနှင့် နည်းပညာအကူအညီပေးနိုင်ရေးနှင့် UEHRD တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွက် ကူညီပံ့ပိုးပေးနေမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအသစ်အနေဖြင့် ရခိုင် ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ရေး အတွက် ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုကော်မတီတည်ထောင်၍ လုပ်ငန်း ကော်မတီ (၄)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး ကာလကြာရှည်စွာ အမြစ်တွယ်ခဲ့သော ပြဿနာ၏အကြောင်းအရင်းအား ဖော်ထုတ်ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေပြီး ကဏ္ဍစုံအလွှာ အသီးသီးမှ ပြည်သူများပါဝင် ကူညီနိုင်ရေးအတွက် UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊စေတနာ့ဝန်ထမ်း လူငယ်များ၏ အကူအညီများရယူ၍ လူသား ချင်းစာနာ ထောက်ထားမှု အကူအညီများပေးရေးနှင့် အချက်အလက်များကောက်ယူရေး ဆောင်ရွက်နေသည့်ကိစ္စများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ထူထောင်၍ ရခိုင်ပြည်နယ်အား ဦးစားပေး ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးနှင့် စောင့်ရှောက် ရေးလိုအပ်လျက်ရှိသော ကလေးသူငယ်မှ သက်ကြီးရွယ်အိုများအထိ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ICRC အနေဖြင့် ပူးပေါင်းပါဝင်နိုင်မည့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။