၁။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/၂၀၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့ (၁၄:၀၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းအစည်းအဝေးများကျင်းပ၍ လုပ်ငန်းများဆောင်ရွက်နေသည်မှာ ယခုအကြိမ်အပါအဝင် (၆) ကြိမ်ရှိနေပြီဖြစ်ပါကြောင်း၊ အစီရင်ခံစာ၏ အကြံပြုဖော်ပြချက်များသည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိကထား၍ အကြံပြုထားသည့်လုပ်ငန်းများဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင် အောင်ဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ခြင်းဖြစ်ပြီး ရခိုင်ဒေသသာမက နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ပါကြောင်း၊ အကြံပြုချက်တွင်ဖော်ပြထားသည့် ကဏ္ဍ (၁၈) ခုရှိပြီး ကဏ္ဍတိုင်းတွင် ဝန်ကြီးဌာနတစ်ခုတည်းအကောင်အထည်ဖော်ရသော လုပ်ငန်းရပ်များထက် ဝန်ကြီးဌာနသုံး၊လေးခု ပေါင်းစပ် အကောင်အထည်ဖော်ရသောလုပ်ငန်းရပ်များက ပိုမိုများပြားပါကြောင်း၊ ထို့ကြောင့် ပေါင်းစပ်ညှိနှိုင်းခြင်းသည် အဓိကအရေးကြီးပါကြောင်း၊ အစီရင်ခံစာပါ ကဏ္ဍရပ်များကို မကြာခဏ ပြန်လည်လေ့လာသုံးသပ်၍ အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည့်လုပ်ငန်းများကို ရွေးချယ်ဦးစားပေးဆောင်ရွက်ကြ စေလိုပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်အရ ကော်မတီအနေဖြင့် (၄) လတစ်ကြိမ် အစီရင်ခံစာထုတ်ပြန်၍ ပြည်သူသို့ အသိပေးရမည်ဖြစ်၍ ကော်မတီဝင်ဝန်ကြီးဌာနများအနေဖြင့် လေးလအတွင်း အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုကို တိုတိုကျဉ်းကျဉ်းနှင့် ထိထိမိမိရေးသား၍ အစီရင်ခံစာများပေးပို့နိုင်ရေးဆောင်ရွက် ပေးကြစေလိုကြောင်း၊ ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပအတွေ့အကြုံများကိုအခြေခံ၍ အကြံပြုပေးမည့် အကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီးဖြစ်၍ မိမိတို့ ကော်မတီနှင့် အကြံပေးအဖွဲ့တို့ ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် စီစဉ်ထား ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏လုပ်ငန်း အကောင်အထည်ဖော်မှုများ ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးနိုင်ရေး လိုအပ်ချက်၊ အားနည်းချက် အားသာချက်များအလိုက် တွေ့ရှိဆောင်ရွက် ရမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်တို့ဖြင့် ပြောကြားပါသည်။
၂။ ကော်မတီပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရာ၌ မြေပြင်၌ အမှန်တကယ်ဖြစ်တည်နေမှု မြေပြင်၏ လိုအပ်ချက်တို့အပေါ်မူတည်၍ လုပ်ငန်းများကို ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ပိုမို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများ ပူးပေါင်းမှုဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သတင်းမီဒီယာများ သတင်းရယူ၍ သတင်းမှန်ထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ သတင်း မှန်များ မြန်ဆန်ကျယ်ပြန့်စွာ ထုတ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ ပြောကြားပါသည်။
၃။ အစည်းအဝေးသို့ ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု ၊ ကော်မတီ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကော်မတီဝင် ဝန်ကြီးဌာနများမှတာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ရှိ သည့်လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မှုများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။
၄။ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်သတင်း စကားကို ကျယ်ပြန့်ထိရောက်စွာသိရှိကြစေရန် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်းလူမှုအဖွဲ့အစည်းများ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒေသတွင်း တရားဥပဒေစိုးမိုးပါက အကြံပြုချက်ပါလုပ်ငန်း စဉ်များ အမြန်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ အကြားအမြင် ပိုမိုကျယ်ပြန့်ပြီး စဉ်းစားဆင်ခြင်တွေးခေါ်မှု မြင့်မားစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် စိတ်ရှည်စွာဖြင့် စည်းရုံးလက်တွဲ ဖော်ဆောင်ကြရန် အလေးအနက်တိုက်တွန်းပါကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ (၁၈:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR