=================================================
၂၆-၁၂-၂၀၁၇ နေပြည်တော်————
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အာဟာရအညွှန်းကိန်းများ မြင့်မား တိုးတက်လာစေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်မြင့်မားသော အနာဂတ်မျိုးဆက်သစ် သားကောင်းရတနာလေးများအား မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါ Maternal and Child Cash Transfer Program ကို မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော စစ်တမ်းအချက်အလက်များအရ အဓိကဆောင်ရွက်ရန် လိုအပ်လျက်ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ အဆိုပါအစီအစဥ်အား အာဟာရအညွှန်းကိန်းဒုတိယအနိမ့်ကျဆုံးြဖစ်သည့် ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ M Gallery ဟိုတယ်၌ ယနေ့ ၂၆.၁၂.၂၀၁၇ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများြဖစ်သည့်ယူနီဆက်၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖော်ဆောင်ရာတွင် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေးကြိုးပမ်းနေပါကြောင်း၊ လူ့အခွင့်အရေးအနေဖြင့်ပြောလျှင် လူသားဘဝအစမှ သက်ကြီးရွယ်အိုအထိလူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက် နေပါကြောင်း၊ ကိုယ်ဝန်ေဆာင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဥ်သည် လူမှုရေးအရလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူသားဘဝအစရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ လူသားဘဝအစကာလအတွင်း ဦးဏှောက် ဖွံ့ဖြိုးရေးသည် (၈၀) ရာခိုင်နှုန်းကျော်ပြီးသွားပြီဖြစ်၍ အာဟာရပြည့်ဝစွာ စာသုံးရေးသည် အရေးကြီးပါကြောင်း၊ ကိုယ်ဝန်ေဆာင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဥ်သည် လူသားဘဝရက်ပေါင်း (၁၀၀၀)အတွင်း ငွေကြေးပံ့ပိုးပေးရုံတစ်ခုတည်းမဟုတ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်အာဟာရ၊ မီးဖွားပြီးနှင့် နို့တိုက်မိခင် အာဟာရ၊ ကလေးဖြည့်စွက်အာဟာရစသည်ဖြင့် အာဟာရပြည့်ဝစွာ စားသုံးကြရေးအတွက် အသိပညာပေး၊ အမူအကျင့်ပြောင်းလဲရေးလုပ်ငန်းများပါ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့မျှော်မှန်းသည့် အာဟာရပြည့်ဝပြီးဉာဏ်ရည်ဖွံ့ဖြိုးသော လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမှာဖြစ်ကြောင်း၊ အနာဂါတ်အတွက် ရင်းနှီးမြှပ်နှံမှုဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဥ်အရ ဦးဆောင် ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပြည်သူပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်အကောင်အထည်ဖော်ရာတွင် လူမှုသဟဇာတ ဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ ဝန်ဆောင်မှုပေးနေသည့်ဌာနများအားလုံး အဆင့်ဆင့် အချင်းချင်းစည်းလုံးညီညွတ်စွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တချိန်တည်းမှာပင် ပြည်သူလူထုအတွက် ရှင်းလင်းပြတ်သားသော သတင်းစကားများပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိစာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအားလုံးသည် ရခိုင်ပြည်နယ်လူဦးရေ၏ (၇၀%) ခန့်ရှိပြီး မူဆလင်လူမျိုး (အစ္စလမ်ဘာသာဝင်)မှာ (၃၀%)ခန့်သာရှိပါကြောင်း၊ ကိုယ်ဝန်ေဆာင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဥ်၏ အခြေခံမူအရ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ်တစ်ပြည်လုံးတွင် ငွေကြေးပံ့ပိုးပေးနိုင်ရေးအတွက် မြို့နယ်များတွင် အသိပညာပေးပွဲများဆောင်လျက်ရှိရာ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁)မြို့နယ်တွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိပြည်သူများ ပိုမိုသိရှိပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သတင်းမီဒီယာများမှတဆင့် အသိပေးပြောကြားလျက်ရှိပါကြောင်း ပြောကြားသွားပါ သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယနှင့် စတုတ္ထပါတ်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ေဆာင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အစီအစဥ်တွင် ကိုယ်ဝန်ဆောင်မိခင်များအားလုံးအား တစ်လလျှင် ငွေကျပ် ၁၅,၀၀၀/- နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။