၂၄.၁၂.၂၀၁၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွှတ််တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ဆန္ဒနှင့်လိုအပ်ချက်များကို လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်းအဆိုပြုတင်ပြချက်များ၊ ဝန်ကြီးဌာနများသို့ တိုက်ရိုက် အသိပေးညှိနှိုင်းမှုများကို သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့်ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများကိုလိုက်နာလျက် ကျင့်ဝတ်များကို လည်း ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ရပါကြောင်း၊ အစိုးရလွှတ်တော် ပူးပေါင်းဆောင်ရွက်မှု အပြင် ပြည်သူများ၏ ပါဝင်မှုကဏ္ဍသည် အဓိကဖြစ်ပါကြောင်း၊ ပြည်သူများသည် နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်သို့သွားနေသည်ကိုသိရှိရန်လိုကြောင်း၊ သို့မှသာပြည်သူများသည် အစိုးရနှင့်လိုက်ပါဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ် ဆိုသည်မှာ ပြည်သူကအုပ်ချုပ်သည့်စနစ်ဖြစ်ပြီး ပြည်သူ၏လိုအပ်ချက်ကိုအစိုးရက အကောင်အထည်ဖော်ပေးရခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်ကိုတင်ပြနိုင်ရေးအတွက် ပြည်သူများ အသိဉာဏ်၊ ဗဟုသုတရှိရန် လို်ကြောင်း၊ မိမိတို့နိုင်ငံတွင် မတူကွဲပြားမှုများ များပြားပါကြောင်း၊ မတူကွဲပြားမှုများကို အင်အားအဖြစ် ပေါင်းစပ်ပြီးတူညီသည့်ပန်းတိုင်းတစ်ခုကိုချီတက်ရန်် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဖိနှိပ်ထိုးနှက်မှုက ိုမိမိတို့ ကြုံတွေ့နေရပါကြောင်း၊ အဆိုပါအခက်အခဲ ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်မည် ဖြစ်ရာ ပြည်ထောင်စုစီမံကိန်းဖြစ်သည့် UEHRD ကိုအကောင်အထည်ဖော် ဆောင်လျက်ရှိပါကြောင်း၊ ဤပြည်ထောင်စုစီမံကိန်းသည် ပြည်သူနှင့်အစိုးရ လက်တွဲ၍ အခက်အခဲပြဿနာများ ဖြေရှင်းနိုင်ခြင်းကို သက်သေပြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
ထို့နေက် ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာတွင် ယနေ့ လာရောက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင်ဆွေးနွေးခဲ့သည့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် ရှေးှုဦးအရွယ်ကလေးသူငယ်နှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုသည် သေချာသောအကျိုးအမြတ်ရရှိနိုင်မည့် ရင်းနှီးမြှုပ်မှုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ အဖွဲ့အစည်းများ၏ သုတေသနပြုချက်များအရရှေးဦးအရွယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံ အတွက် အဆများစွာ အကျိုးအမြတ်ရရှိလာသည်ကို လေ့လာတွေ့ရှိခဲ့ကြကြောင်း၊ တွင်းထွက်သယံဇာတ ပေါကြွယ်ဝသောလည်းဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံများအဖြစ် ရောက်ရှိနေသော နိုင်ငံများစွာရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်လူသားသယံဇာတသည် အရေးကြီး ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် စင်္ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူသာအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေးဦးအရွယ် ကစ၍ အတွေးအခေါ်၊ အယူအဆ၊ ထုံးတမ်းစဉ်လာ၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံမှုနှင့် သဘောထားခံယူချက်တို့ကိုနည်းစနစ်ကျကျ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ ပဋိသန္ဓေ တည်စမှ မွေးပြီး (၈)နှစ်အထိသည် ရှေးဦးအရွယ်ဖြစ်ပါကြောင်း၊ ကလေး၏ အဆင့်ဆင့် ပြောင်းလဲမှုဖြစ်စဉ်တွင်နှောင့်နှေးမှုရှိခြင်းသည် ဖွံ့ဖြိုးမှုကိုနောက်ကျစေကြောင်း၊ လူသားအစ ပထမရက်ပေါင်းတစ်ထောင်ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အထွဋ်အထိပ် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ပြုစုပျိုးထောင်ရေးတွင် မိခင်များသည် အဓိကအရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်များကိုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိုင်းတာစစ်ဆေးခြင်းစနစ်ကိုလည်း ဖော်ဆောင်လျက်ရှိပါကြောင်း၊သို့မှသာပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းကိုစောစီးစွာသိရှိပြီး ပြုပြင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရန် မူကြိုကျောင်းလက်လှမ်းမမီသောကလေးများအတွက် မိခင်ဝိုင်းများ ဖွင့်လှစ် နိုင်ရေးသည် အရေးကြီးကြောင်း၊ လိုအပ်သည့်နည်းပညာငွေကြေး အကူအညီများ ထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေရှည်အောင်မြင်ရေးအတွက် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပါသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက မိခင်ဝိုင်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မိခင်ဝိုင်းဖွင့်လှစ်ပေးမည့် ကျေးရွာ (၅)ရွာအတွက် ပထမသုံးလစာထောက်ပံ့ငွေ ကျပ် (၃၉၁၅၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပြီးရေရှည်တည်တံ့ရန် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရ ပါသည်။ ဆက်လက်၍ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦး ကဒေသခံပြည်သူများကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးများအားကစားစရာအရုပ်များပေးအပ်ခဲ့ပါ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားရှိသည့် နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Good Neighbours International က ဆောက်လုပ်လှူဒါန်းသည့် ကလေးတစ်ရာဦးဆံ့ ၆၀ပေ x ၄၀ပေ RCC (၁) ထပ်၊ဖဒိုမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းအဆောက်အဦကို သွားရောက် ကြည့်ရှုပြီး မူကြိုကျောင်းဖွင့်လှစ်ရေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ညောင်လေးပင်မြို့တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ၆၀ပေ x ၆၀ပေ x ၂၉ပေ RCC (၂)ထပ် ဘက်စုံသုံး အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုကိုသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ သွားရောက်ကြည့်ရှုခဲ့ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့သွားရောက်ပြီး ကျေးလက််ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များပေါင်းစပ်ညှိနိုင်းပေးခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ အုတ်တွင်းမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ (၄၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁)လ ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ထူးချွန်သင်တန်းသူများအား သင်တန်းပြီးဆုံးချိန်တွင် အပ်ချုပ်စက်များချီးမြှင့်ပေးသွားရန်နှင့် သင်တန်းပြီးမြောက်သူများ ကိုယ်ပိုင်ချုပ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။