မူကြိုကျောင်းလက်လှမ်းမမီသောကလေးများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက်မှု သတင်း

 

၂၃-၁၂-၂၀၁၇၊ ရန်ကုန်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးတစ်ဦး ချင်းစီ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဥပဒေ၊နည်းဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာ လုပ်ငန်း အစီအစဉ်များချမှတ်လျက် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှု အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကန်ဘဲ့စံပြ ကျေးရွာသို့ သွားရောက်ပြီးရပ်ရွာလူထုနှင့်တွေ့ဆုံကာ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ရပ်ရွာလူထုနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များကိုလူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဖော်ဆောင်လျက်ရှိကြောင်း၊ ရှေးဦး အရွယ်ကလေးသူငယ်များကို နည်းစနစ်ကျစွာ ပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း၊ လူသားများ၏ စာရိတ္တ၊ လူမှုရေး၊ စိတ်ပိုင်း ဆိုင်ရာခံစားမှု၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာဖြစ်မှုတို့သည် ရှေးဦးအရွယ်တွင် စတင်ပါကြောင်း၊ ကလေးသူငယ်တိုင်းကလေးသူငယ်အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ကလေးငယ်များ၏ခန္ဓာကိုယ်ကြီးထွားမှုနှင့်အတူ ဦးနှောက်ဖွံ့ဖြိုးမှုလည်းရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ် စေရန် မိသားစုနှင့်ပတ်ဝန်းကျင်ကပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ကလေး၏ အသက်အရွယ် အဆင့်ဆင့် တွင် ပြောင်းလဲမှုများဖြစ်ပေါ်ရာ အဆိုပါပြောင်းလဲမှုကို ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများဖြင့် နည်းစနစ်ကျကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များဖွံ့ဖြိုးရေး၊ ကျောင်းနေအရွယ်တွင် ကျောင်းနေနိုင်ရေး ပြည်သူများကို အစိုးရနှင့်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ဖို့လိုကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ဌာနပိုင်မူကြိုများ၊ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်းဖွင့်လှစ်နိုင်မှုမှာ နည်းပါးနေသေးသဖြင့် မိခင်ဝိုင်း များဖွင့်လှစ်ပေးနိုင်ရေးအတွက် ယခုလိုလာရောက်ရခြင်းဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တစ်ရပ်ဖြစ်သည့်မိခင်ဝိုင်းများ အောင်မြင်ရေး၊ရေရှည်တည်တံ့ ရေးကိုမိဘများ၊ ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိခင်ဝိုင်းများအတွက် လိုအပ်သောနည်းပညာ၊ ကလေးများအတွက် တစ်နပ်စာစားစရိတ်နှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ဘဝကစ၍ ရည်မှန်းချက်ထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားပါသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးက မိခင်ဝိုင်း များသည်  အသက်(၅)နှစ်အောက်ကလေးများ၏ ဖွံ့ဖြိုးမှုကိုနည်းစနစ်ကျကျ ပျိုးထောင်နိုင်ရေး မူကြို ကျောင်းလက်လှမ်းမမီသေးသောကလေးများအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် မိခင်ဝိုင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး ရပ်ရွာလူထုကိုယ်စား တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကကျေးဇူးတင်စကား ပြန်လည်ပြော ကြားပါသည်။

ဆက်လက်၍ ရပ်ရွာလူထုမှ သိရှိလိုသည်များ၊ ရပ်ရွာ၏လိုအပ်ချက်များကိုဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြန်လည်ရှင်းလင်း ဆွေးနွေးပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကန်ဘဲ့စံပြကျေးရွာရွာဦးကျောင်း ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းပြီးရပ်ရွာလူထုနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကလေးများအားကစားစရာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events