နေပြည်တော်၊ ၂၀-၁၂-၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ အိန္ဒိယနိုင်ငံ၊ Foreign Secretary ဖြစ်သူ Dr. S. Jaishankar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့ အကြား ရခိုင်ပြည်နယ်တွင်နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင် ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေးထိုးမည့် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်သောကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံအစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံ၊ Foreign Secretary ဖြစ်သူ Dr. S. Jaishankar က လည်းကောင်း အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြပါသည်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ အခြေခံ အဆောက်အဦနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယ အစိုးရမှ မြန်မာအစိုးရအား ထောက်ပံ့ငွေအဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၅)သန်းဖြင့် (၅)နှစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅)သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ဆောင်ရွက်မည့်စီမံကိန်းများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ် လုပ်ငန်းများ၊ အခြေခံ အဆောက်အဦ ဖန်တီးပေးခြင်းများ၊ တံတားငယ်များ ဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်မွမ်းမံခြင်း၊ အသေးစား စွမ်းအင်စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ၊ လေ့ကျင့်ရေးစင်တာ တည်ထောင်ပေးခြင်းများ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအား ထိန်းသိမ်းခြင်းများ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်းစသည့် လုပ်ငန်းများပါဝင်ကြောင်း သတင်းရရှိပါသည်။
Source: MSWRR