၁၉.၁၂.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
UNICEF မှ ဌာနေကိုယ်စားလှယ် Ms.June Kunugi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် UNICEF အနေဖြင့်ဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များအရေးပါပုံကို နားလည်သိရှိပြီး သက်ဆိုင်ရာကဏ္ဍများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစကလေး ထောက်ပံ့ငွေပေးအပ်ရေး လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ရခိုင်ပြည်နယ်တွင် UEHRD စီမံကိန်းအရပါဝင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုလိုဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာပူးပေါင်း ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် နေ့ကလေးထိန်းဌာန မရှိသောဒေသများတွင် ကလေးသူငယ်များအား အလှည့် ကျစောင့်ရှောက်ရေးပုံစံဖြစ်သည့် မိခင်ဝိုင်းများ ဖွဲ့စည်းထားရှိမှု၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ကော်မတီအသီးသီးမှ ကြိုးပမ်း အကောင်အထည်ဖေါ်နေမှုများ၊ မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေး အတွက် စီစဉ်နေမှုများ၊ UEHRDတွင် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖေါ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် UNICEFအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ကိစ္စအပေါ် ဦးစားပေး စဉ်းစားပါကြောင်း၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် အကူအညီပေးမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော မိတ်ဆွေဆက်ဆံရေး ပိုမိုခိုင်မာရန် ကြိုးပမ်း သွားမည်ဖြစ်ပြီး လိုအပ်သည်များ တတ်နိုင်သလောက် ပူးပေါင်းကူညီပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်အတွက် ဗဟိုကော်မတီလုပ်ငန်းကော်မတီ(၄)ဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရေးကော်မတီတို့ တည်ထောင်၍ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ UEHRD တည်ထောင်၍ ပြည်တွင်း/ပြည်ပ မိတ်ဆွေနိုင်ငံများအကူအညီဖြင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြီး၊ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီ ပူးပေါင်းစေလိုပါ ကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ဂျပန်သံအမတ်ကြီးက ရခိုင်ပြည်နယ်အတွက် လိုအပ်ချက် များကို အစွမ်းကုန်ကူညီ မည်ဖြစ်ပါကြောင်း၊ လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးနှင့် အရေးပေါ်လိုအပ်သော လူသားချင်းစာနာကူညီမှုများ၊ ယာယီအဆောက် အဦများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလိုပါကြောင်း၊ UEHRDနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အသေးစိတ် လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးသွား မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေး အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ ဆောင်ရွက် နေမှုများ၊ လူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာ ချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် UEHRDနှင့် ပူးပေါင်းဆောင်ရွက်နိုင် ပါကြောင်း အသေးစိတ်ဆွေးနွေးမှုများအတွက် အမြန်ဆုံးအနီးကပ် ပူးပေါင်းအဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီနေမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR