ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာUEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်ပထမအကြိမ်ကို(၅-၁၁-၂၀၁၇)နေ့မှ(၂၄-၁၁-၂၀၁၇) နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို (၂၄-၁၁-၂၀၁၇)နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း ဆောင်ရွက် ခဲ့ပြီး(၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၄-၁၂-၂၀၁၇)ရက်နေ့အထိဆောင်ရွက်မည့် တတိယအကြိမ်အစီအစဉ်တွင် ပါဝင်ကြ မည့်လူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းကိုရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ (၁၇-၁၂-၂၀၁၇)နေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြများနှင့် စေတနာ့ ဝန်ထမ်းလူငယ်သင်တန်းသား(၄၅)ဦးတက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် မောင်တောဒေသ တွင် အကြမ်းဖက်ဖြစ်စဉ်များစတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိအစိုးရမှ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း များကိုဘက်စုံထောင့်စုံမှနေပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ပေးရာတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ် လူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများ၊ ထိခိုက်လွယ်သောအုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးမှုများပါ ဆောင်ရွက်ပေးမှုရှိပါကြောင်း၊ UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်သည် လူငယ်များ၏ရည်ရွယ်ချက်ကောင်း၊ လုပ်ငန်းစဉ်ကောင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ လူငယ်များကို အခြေပြုပြီးဖြစ်ပေါ်လာသည့် စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရခိုင်ပြည်နယ်အစိုးရနှင့် အတူပြည်သူများပူးပေါင်းပြီးဒေသ၏လိုအပ်ချက်၊ ခံစားချက်များကိုဖော်ထုတ်ရန် ဆောင်ရွက်ရသည့်အတွက် တစ်နိုင် ငံလုံးပါဝင်နိုင်ရန် ပြည်ထောင်စုစီမံကိန်းအဖြစ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ယနေ့လူငယ်အစီအစဉ်သည် ရခိုင်ပြည်နယ် တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ၊ စာရင်းကောက်ယူမှုလုပ်ငန်းများကို ရက်ပေါင်း(၂၀)ကြာဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်သောအနာဂတ်ကို ပုံဖော်ပေးမည့်သူများဖြစ်ခြင်း ကြောင့် ယခုခရီးစဉ်တွင် အတွေ့အကြုံကောင်းများကိုရှာဖွေဆည်းပူးသွားကြရန်လိုအပ်ပါကြောင်း၊ ခရီးစဉ်အတွင်း လူငယ်အချင်းချင်းတစ်ဦးကိုတစ်ဦးမောင်ရင်းနှမသဖွယ် ချစ်ခင်စည်းလုံးစွာဖြင့် ဝိုင်းဝန်းစောင့်ရှောက်ကူညီကြရန်နှင့် Team Work ပုံစံဖြင့် ဆောင်ရွက်ကြရန်နှုတ်ခွန်းဆက်စကားပြောကြားသွားပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ လူငယ်များအတွက် Capacity Development ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ကြရမည့်နည်းလမ်းများကိုအတွေ့အကြုံများနှင့်ယှဉ်၍ ရှင်းလင်းပြောကြားသွားပါကြောင်းသတင်းရရှိပါသည်။