၁၂.၁၂.၂၀၁၇၊ နေပြည်တော်
UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ Ms.Victoria Kwakwa ဦးဆောင်သောအဖွဲ့နှုင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာညှိနှိုင်းရေးမှူး Mr. Jame Lynch ဦးဆောင်သောအဖွဲ့တို့က ယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။
ကမ္ဘာ့ဘဏ်အဖွဲ့နှင့်တွေ့ဆုံရာတွင် UEHRD ၏ ရည်မှန်းချက်များနှင့်ကိုက်ညီအောင် ရေးဆွဲ ထားသည့် ကမ္ဘာ့ဘဏ်၏ အဆိုပြုစီမံကိန်းတစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်များ အားလုံးပူးပေါင်းပါဝင်၍ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ UEHRD ၏ ရည်ရွယ်ချက် (၃)ရပ်နှင့် လက်ရှိဦးစားပေးလုပ်ငန်းစဉ်များ၊ ဒေသဆိုင်ရာ အစိုးရ များက အဆိုပြုစီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ယန္တရား ဖော်ဆောင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်းနှစ်ရပ်အကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး၊ ရခိုင်ပြည်နယ်သာမက ပဋိပက္ခများဖြစ်ပွားနေသည့် အခြားဒေသများအတွက်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ထောက်ပံ့ငွေပေးအပ်ခြင်းအစီ အစဉ်များသည် အနာဂတ်မျိုးဆက်အတွက် အရေးပါမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ခိုင်မာရေးကိစ္စရပ်များ ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Jame Lynch က ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနေမှုများအား သိရှိဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် လာမည့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေးကိစ္စတွင်ပါဝင် ကူညီနိုင် ရေးနှင့် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ပြင်ဆင်ချုပ်ဆိုနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလား ဒေ့ရှ်နှင့် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား ပြန်လည်လက်ခံ ရေးကိစ္စအတွက် လိုအပ်သော လက်ခံရေးဌာန (၂)ခုအချိန်မီဆောက်လုပ်ပြီး စီးနိုင်ရေးဆောင်ရွက်နေသည့် ကိစ္စများ၊မြို့ရွာ စီမံကိန်းများချမှတ်ပြီး စနစ်တကျတည်ဆောက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စများနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။