နေပြည်တော်၊ ၁၂-၁၂-၂၀၁၇
အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်စီမံချက်ရေးဆွဲ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေများသည့် နိုင်ငံဖြစ်ပါကြောင်း၊ မိုးကြိုးကာလဖြစ်သည့် ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆိုင်ကလုန်းမုန်တိုင်းကျရောက်လေ့ရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း(၄၀)ကာလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံး ခဲ့ပြီး (၂.၄)သန်းကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း၊ အတွေ့အကြုံများအရ သဘာဝဘေးကျရောက် လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရေး အစီအစဉ်များရေးဆွဲရာတွင် ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ နိုင်ငံတော်အဆင့်တွင် ဒုတိယ သမ္မတ(၂) ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် အဆိုပါ ကော်မတီအောက်တွင် လုပ်ငန်းကော်မတီ(၁၂)ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre – EOC) ၏ အချက်ပြလှုပ်ရှားမှုနှင့်အတူ ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်သတိပေးချက် စနစ်များ ထူထောင်ထားရှိပြီး ရပ်ရွာအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိုလည်း ပိုမိုတိုးတက် ကောင်းမွန်အောင် အစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုမြင့်မား စေရေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် (ASEAN – Agreement on Disaster Management and Energency Response – AADMER)တွင် ပါဝင်လက်မှတ် ရေးထိုးထားရှိပြီး အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှုဌာန (ASEAN Coordination Centre for Humanitarian Assistance – AHA Centre) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၊ AHA Centre နှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများ၏ ဘေးအန္တရာယ်ရင်ဆိုင်တုန့်ပြန်မှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားစေရေး၊ ဒေသတွင်းနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုမြင့်မားစေရေး၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင် ပြင်ဆင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း၊ One ASEAN – One Response နှင့်အညီ ထိရောက်ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန၏ ကိုယ်စားလှယ်ဖြစ်သူ Mr. Janggam Adhityawarma က အရေးပေါ်စီမံချက် ရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။