ရန်ကုန် (၁၀-၁၂-၂၀၁၇)
ယနေ့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျှက် အရှေ့ဒဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာအိမ်ယာအနီးရှိ မြေနေရာပေါ်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတစ်ခုတည်ဆောက်ရန် ကွင်းဆင်းကြည့်ရှုပါသည်။ ထိုသို့ကြည့်ရှုရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့် က မြေတိုင်းတာခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း၊ လမ်းဖောက်လုပ်ရေး၊ ခြံစည်းရိုးကာရန်ခြင်း အတွက် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မွေးကင်းစ စွန့်ပစ် ကလေးငယ်များနှင့် မိခင်များ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရသူများ၊ လမ်းပေါ်နေကလေးသူငယ်များ၊ တောင်းရမ်းစားသောက်သူများ၊ အကြမ်းဖက်ခံအမျိုးသမီးများ၊ လူကုန်ကူးခံခဲ့ရသူများ၊ ပြည့်တန်ဆာအမျိုး သမီးများ၊ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ၊ အကာအကွယ်မဲ့သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အစရှိ သူတို့၏ဘဝများကို စနစ်တကျပြန်လည်ထူထောင်ပြီး လူ့အသိုက်အဝန်းတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ရေး၊ စီးပွားရေးအရ အမှီအခိုကင်းစွာရပ်တည်နိုင်ရေး၊ ဆိုးကျော့သံ သရာအတွင်းမှ ရုန်းထွက်နိုင်ရေးတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဥပဒေများ၊ နည်းဥပဒေ များ၊ မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာမွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လိုအပ်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားလုံးကို ယခုတည်ဆောက်မည့် ဘက်စုံပြန်လည် ထူထောင်ရေးစင်တာတွင်တစ်စုတစ်စည်းထဲထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာသင်တန်းများ လည်းဖွင့်လှစ် သွားမည် ဖြစ်ပြီးအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးအတွက်လည်း ပြင်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန်လည်း စီစဉ်လျက်ရှိကြောင်းသိရှိရသည်။
ယင်းသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်သကဲ့သို့ ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစ ကလေးငယ်များ စွန့်ပစ်မှုမှ တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိန်းမှုများပပျောက်ရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါးပပျောက်ကင်းစင်ရေး၊ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး၊ မသန်စွမ်းဖြစ်မှုလျော့ချရေး အစရှိသည့်လုပ်ငန်းများကိုလည်း အခြားဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ လုံခြုံဖွံ့ဖြိုးတက်ရန် ကြိုးပမ်းလျက် ရှိကြောင်းသိရှိရပါသည်။
အဆိုပါ ဘက်စုံပြန်လည်ထူထောင်ရေးစင်တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာ အိမ်ယာဝင်းအနီးရှိ မြေဧက (၅၀)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။