ရခိုင်ပြည်နယ်အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန် Japan Youkou Sakura Friendship Association မှ Mr. Yasuraru Narizubu ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ဌာနေညွန်ကြားရေးမှူး Ms. Ellen Goldstein တို့မှ ပြည်ထောင်စုဝန်ကြီးအား သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း

၈-၁၂-၂၀၁၇၊ နေပြည်တော်

ရခိုင်ပြည်နယ်အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန် Japan Youkou Sakura Friendship Association မှ Mr. Yasuraru Narizubu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၇-၁၂-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အတူ လက်ခံတွေ့ဆုံပါသည်။
ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွက် ယာယီအိမ်ရာသာမက အခြား လျှပ်စစ်နှင့်လမ်းတံတား အခြေခံအဆောက်အဦ ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံမှုများ ရှိသည်ကို သိရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီ ပေးရန်၊ ဒုက္ခသည်များပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် UEHRD ကော်မတီဖွဲ့စည်းဆောင်ရွက် နေပြီး လူသားချင်းစာနာမှုအကူအညီ များပေးရာတွင် လူငယ်များ၏ အင်အားကိုရယူဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်နေရာချထားရာတွင် အိုးအိမ်ရှိသူများနှင့် အိုးအိမ်မီးလောင်ခံရသူများရှိရာ အိုးအိမ်မရှိသူများအတွက် အိမ်ရာများ တည်ဆောက်ပေးနေပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် UEHRD မှ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့၏ လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှပ်နှံမှုများလည်း ပြုလုပ်နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီများပေးခဲ့ ပါကြောင်း၊ မသန်စွမ်းသူများအတွက် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတိုးတက်စေရေး သင်တန်းအဆောက်အဦ ဆောက်လုပ် နေပြီဖြစ်ပါကြောင်း၊ မျက်မမြင်ဘောလုံးအသင်းထူထောင်၍ ၂၀၂၀ ခုနှစ်တွင် တိုကျိုမြို့၌ကျင်းပမည့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် စီစဉ်နေမှုများ၊ ရခိုင်ပြည်နယ် ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ဆွေးနွေး ပြောကြားပါသည်။ ဂျပန်နိုင်ငံဘက်မှ မိမိတို့အနေဖြင့် ယခုလိုလာရောက်သည့်အခါ ကမ္ဘာ့မီဒီယာတွင် ပေါ်ထွက်နေသော သတင်းများနှင့် အစိုးရမှ ဆောင်ရွက်နေသည့်လက်ရှိအခြေအနေမှာ မတူညီသည်ကို မြင်တွေ့ရပါကြောင်း၊ ထိုကဲ့သို့ သတင်းမှားပြန့်နှံ့နေခြင်းကို မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာမှ အမှန်သိမြင်လာအောင် တန်ပြန်ဆောင်ရွက်သင့်ကြောင်း၊ သာမန် ဂျပန်ပြည်သူများသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မီဒီယာတွင် မြင်တွေ့ရသည့်အတိုင်း သာ ယုံကြည်ကြပါကြောင်း၊ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲကို မိမိစာနာနားလည်ပါကြောင်း၊ ယခုအမှန်ကိုသိရသဖြင့် ဂျပန်နိုင်ငံ ပြန်ရောက် သည့်အခါ မိမိအစွမ်းရှိသလောက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညနေပိုင်းတွင် ကမ္ဘာ့ဘဏ်အဖွဲ့မှ ဌာနေညွန်ကြားရေးမှူး Ms. Ellen Goldstein နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရေး၊ ပြန်လည် ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် World Bank ၏ အဆိုပြုစီမံချက်အား ရှင်းလင်းတင်ပြ၍ အဆိုပါအစီအစဉ်တွင်ပါဝင်သော ရခိုင်ပြည်နယ်ကိစ္စအား စိစစ်သုံးသပ်၍ ပြန်လည်ထူထောင်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်သောလုပ်ငန်းများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမည့်ကိစ္စုများအား ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုအဆိုပြုလာသည့် စီမံချက်သည် UEHRD ၏ ရည်ရွယ်ချက်များဖြစ်သည့် ရခိုင် ပြည်နယ်အတွင်းဆောင်ရွက်မည့် လူသားချင်း စာနာမှုအကူအညီများပေးရေး၊ ပြန်လည်နေရာချထား ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ကိုက်ညီမှုရှိပါကြောင်း ပြောကြားပြီး UEHRD တွင် လုပ်ငန်း အဖွဲ့ (၉)ဖွဲ့ တည်ထောင်ထားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစတင်ဆောင်ရွက်နေမှုများ၊ ရခိုင် ပြည်နယ် တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ တည်ထောင်၍ ၎င်းလက်အောက်တွင် လုပ်ငန်းကော်မတီ (၄)ခုဖြင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့်ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်းများနှင့် UEHRD ၏ လုပ်ငန်းများ ဆက်စပ် ဆောင်ရွက်မည့် ကိစ္စများအား ရှင်းလင်းပြောကြားပြီး World Bank မှ အဆိုပြုလာသော စီမံချက်အကောင်အထည်ဖော်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

Sign Up

Upcoming Events