၇.၁၂.၂၀၁၇၊ နေပြည်တော်
၂၀၁၇ခုနှစ်၊ သြဂုတ်လ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နယ်စပ်ရဲစခန်းများကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြည်တွင်းတွင် နေရပ်စွန့်ခွါထွက်ပြေးသူများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရွှေ့ပြောင်း ခိုလှုံသူများရှိခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သြဂုတ်လ (၂၇)ရက်နေ့မှစ၍ လူသားချင်းစာနာမှု အကူအညီ ပေးရေးကို အမြန်ဆုံးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများပိုမိုထိရောက်စေရန် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) ဖြင့် ဆောင်ရွက်စေခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စသည် ရေတိုဖြေရှင်းနည်းဖြင့်မရဘဲ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်ကို နားလည်သဘောပေါက်လျက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာ (၁၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
အဆိုပါ UEHRD စီမံကိန်းဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အကောင်အထည် ဖော်မည့်အစီအစဉ်တို့ကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများအား UEHRD ကော်မတီဝင် ဒုတိယဥက္ကဌဖြစ်သူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ UEHRD ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်(Chief Coordinator)ဖြစ်သူ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ဦးကျော်မြိုင် သတင်းနှင့်ဆက်သွယ်ရေး ဒါရိုက်တာနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ ဦးဆောင်၍ ရှင်းလင်းအသိပေးသည့်အစည်းအဝေးတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် UEHRD စီမံကိန်း ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌတာဝန်ယူ၍ ဖွဲ့စည်းထားရှိမှု၊ စီမံကိန်း၏ ရည်ရွယ်ချက် များ၊ UEHRD ကော်မတီမှ အထူးလုပ်ငန်းအဖွဲ့ (၉)ဖွဲ့ ဖွဲ့စည်းထားရှိပြီး ယင်း(၉)ဖွဲ့တွင် ဆောက်လုပ် ရေးနှင့်အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ စီးပွားရေးဇုံထူထောင်ရေး၊ သတင်းအချက်အလက်နှင့်မီဒီယာ၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးနှင့်သက်မွေးပညာသင်တန်း ပေးရေး၊ ကျန်းမာရေး၊ အသေးစားချေးငွေလုပ်ငန်း၊ ဘဏ္ဍာငွေစုဆောင်းရေးနှင့်ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးတို့ ပါဝင်မှု၊ ၎င်းလုပ်ငန်းများကို ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ၎င်းလုပ်ငန်းများတွင် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အကူအညီများလည်း ရယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေး အတွက် ပြန်လည်လက်ခံရေးစခန်းနှင့် ယာယီစခန်းများတည်ဆောက်မှုအခြေအနေနှင့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများအတွက် ဆောင်ရွက်မည့်အစီအစဉ် သဘောတူညီမှု လက်မှတ်ရေးထိုးပြီးစီးမှုအခြေ အနေ၊ လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်ရေးနှင့် ရေရှည်အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ၎င်းလုပ်ငန်းများသည် UEHRD ၏ လုပ်ငန်းစဉ်၌လည်း ပါဝင်အထောက်အကူဖြစ်မှု၊ UEHRD စီမံကိန်းအတွက် ပြည်တွင်းနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုနှင့် ၎င်းအတွက် UEHRD သည် ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်ဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံအစိုးရ အနေဖြင့် ရှုပ်ထွေးလှသည့် ရခိုင်ပြည်နယ်၏ ပြဿနာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတကာ ၏ ဝိုင်းဝန်းကူညီမှုလိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UEHRD ကော်မတီညှိနှိုင်းရေးမှူးချုပ်ဖြစ်သူ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က UEHRD စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြရာတွင် ဤစီမံချက်သည် ပြည်ထောင်စု အဆင့် စီမံချက်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ ဖော်ထုတ်နိုင်မည်ဖြစ်ပြီး အဓိကတာဝန်(၃)ရပ်မှာ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် လူသားချင်း စာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး တို့ဖြစ်ပါကြောင်း၊ ဤစီမံကိန်းအရ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြေံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ ဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ် အစိုးရ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ပါဝင်နေပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍပူးပေါင်းပါဝင်ပြီး ထိရောက်သော Public Private Partnership ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံမူများမှာ တီထွင်ဆန်းသစ်ဆောင်ရွက်ခြင်း၊ မခြွင်းမချန်ခြင်း၊ အားလုံး ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိစေခြင်းတို့ဖြစ် ပါကြောင်းနှင့် UEHRD ကော်မတီ၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းအဖွဲ့ (၉)ဖွဲ့ ဖွဲ့စည်းမှုနှင့် UEHRD ဥက္ကဌ၊ ဒုတိယဥက္ကဌမှ ဦးဆောင်၍ ညှိနှိုင်းရေးမှူးချုပ်၏ စီမံခန့်ခွဲမှု၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်အဖွဲ့ များ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားထူထောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိမည့်သူများ ပြန်လည် လက်ခံရေးအစီအစဉ်များသိလိုပါကြောင်းနှင့် ပြန်လည်လက်ခံရေးစခန်းများသို့ ကြည့်ရှုလိုပါကြောင်း၊ UEHRD လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နည်းပညာလုပ်ငန်းအဖွဲ့၊ လုပ်ငန်းစီမံချက်နှင့် အချိန် ကာလသတ်မှတ်ချက်များပါ ထည့်သွင်းဆောင်ရွက်စေလိုကြောင်း၊ ရခိုင်ပြည်နယ်မှ ဒေသခံတို့၏ ကုလသမဂ္ဂ အဖွဲ့များအပေါ် ထားရှိသည့်အမြင်များ ပြောင်းလဲလာစေရန် အစိုးရက မည်သို့သောမူဝါဒဖြင့် ဆောင်ရွက် မည်ကို သိရှိလိုပါကြောင်းများ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် UEHRD သည် နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ပုံစံသစ်ဖြစ်ပြီး ယင်းပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ အနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်မှုများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရခိုင် ပြည်နယ် ပဋိပက္ခဖြစ်ရခြင်း၏ အကြောင်းရင်းများကို ဖြေရှင်းဆောင်ရွက် ရန် ကြိုးစားသွားမည်ဖြစ်ပြီး ၎င်းရည်မှန်း ချက်အတွက် UEHRD သည် ပထမခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ထောက်ပံ့ကူညီမှုများကို တန်ဖိုးထားပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံး (၂၉)ရုံးမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြ ကြောင်း သတင်းရရှိပါသည်။