(၁.၁၂.၂၀၁၇) ရက်နေ့၊ နေပြည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် အာရှ-ပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်နှင့်စပ်လျဉ်းသည့် အစိုးရများအကြား ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကြားကာလပြန်လည်သုံးသပ်ခြင်း အစည်းအဝေး သို့ တက်ရောက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့ နံနက်ပိုင်းတွင် ဘေဂျင်းမြို့ရှိ Occupational Rehabilitation Center for Persons with Disabilities သို့သွားရောက် လေ့လာခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ထို Rehabilitation Center ရှိ အော်တဇင်ကလေး များအတွက် လေ့ကျင့်သင်ကြားပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် သုတေသန လုပ်ငန်းများ ဆိုင်ရာဌာန၊ အမြင်အာရုံချို့တဲ့သူများ အလွယ်တကူသုံးစွဲနိုင်သော အထောက်အကူပြုဆိုင်ရာဌာန၊ ချို့တဲ့သူများအတွက်အထောက်အကူပြုပစ္စည်းများ ဆိုင်ရာဌာန၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဌာန၊ အလုပ် အကိုင်ရရှိရေးဌာန၊ စိတ်ပညာဆိုင်ရာ ပြန်လည်ထူထောင်ရေးဌာန၊ မသန်စွမ်းသူများ အတွက် အရေးပေါ်ဆက်သွယ်ရေး ဝန်ဆောင်မှုဌာန၊ စေတနာ့ဝန်ထမ်းဝန်ဆောင်မှု ဌာန၊ နယူးယောက် တက္ကသိုလ်မှ ဌာနခွဲ လာရောက်ဖွင့်လှစ်ထားသော သုတေသန၊ လေ့ကျင့်မှုနှင့် အထူးပညာရေးဌာနခွဲများသို့ သွားရောက်လေ့လာခဲ့ပါသည်။
ထိုသို့လေ့လာရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အလေးအနက်ထား ဆွေးနွေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာရှ-ပစိဖိတ် မသန်စွမ်းသူများ ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံက ဘေဂျင်းကြေငြာစာတမ်းနှင့်ပတ်သတ်၍ အကြံပြုချက်များ၊ UNESCAP နှင့်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။