=================================================
၂၄-၁၁-၂၀၁၇၊ နေပြည်တော်
=================================================
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပဥ္စမအကြိမ်အစည်းအဝေးကို ကော်မတီဥက္ကဌဦးဆောင်၍ (၂၄-၁၁-၂၀၁၇)နေ့ မွန်းလွဲ(၃)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင်ကျင်းပရာ ကော်မတီပူးတွဲဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဌအဖြစ် ဆောင်ရွက်သောရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ၄င်း၏လက်အောက်တွင် လုပ်ငန်းကော်မတီ(၄)ခုဖြင့် ဆောင်ရွက်ခဲ့ရာတွင် တွေ့ရှိချက်များ၊ အတွေ့အကြုံများအရရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ အရေးကိစ္စဖြစ်သလိုကမ္ဘာကပါ၀င်ပတ်သက်မှုရှိ လာသည့်အရေးကိစ္စတစ်ခု ဖြစ်လာကြောင်းတွေ့ရှိလာရပြီးထိုအရေးကိစ္စများကိုဖြေရှင်းရာတွင် မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ တစ်နှစ်ကြာလေ့လာတွေ့ရှိသုံးသပ်ဖော်ထုတ်ချက်များအရ ထွက်ပေါ်လာသည့် အကြံပြုချက်များအနက်မှ မိမိနိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရှိစေပြီး ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ဒေသတွင် မှီတင်းနေထိုင်ကြသူများအသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များ၊ နေရပ်စွန့်ခွာခဲ့ရသည်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်များရှိခဲ့ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ချက်ချင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် အားလုံးအပေါ် ပြည့်ပြည့်စုံစုံဖြင့်လွှမ်းခြုံနိုင်ရန်ခက်ခဲကြောင်း၊ ရေရှည်ဖြစ်တည်ခဲ့သည့် တိုင်းရင်းသားများ၏ပြင်းထန်သည့်စိတ်ခံစားမှုများအရ UN, INGOsများထံမှ အထောက်အပံ့အကူအညီများလက်မခံနိုင်သည်ကို မိမိတို့ရင်ဆိုင်လာရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း အင်အားကိုစုစည်း၍ ရခိုင်ဒေသအရေးကိစ္စများဆောင်ရွက်နိုင်ရန် ပြည်ထောင်စုစီမံကိန်းတစ်ခုဖြစ်သည့် Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ UEHRD ၏လုပ်ငန်းများသည် အစိုးရ တစ်ခုတည်း၏ဆောင်ရွက်ချက်မဟုတ်ဘဲ ပြည်သူအားလုံးပူးပေါင်းပါ၀င်ဆောင်ရွက်သည့် ပြည်ထောင်စု စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ပါ၀င်ဆောင်ရွက်သူများနှင့်ဆောင်ရွက်မည့် ပုံစံများလည်း ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UEHRD ၏အစီအစဉ်အရ စီးပွားရေးလုပ်ငန်းရှင်များ ပါ၀င်သည့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့ဖြင့်လည်းဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်စီမံကိန်းလည်းရှိပြီးဖြစ်သဖြင့် UEHRD ၏လုပ်ငန်းများ၊ မိမိတို့ကော်မတီ၏ လုပ်ငန်းများအားလုံးကိုပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြာင်း၊ လုပ်ငန်းများအားလုံးကိုစုစည်းပြီး ယခင်ကထက် ပိုမိုအားထည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ချက်များအပေါ် ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းလာသည်များ ရှိကြောင်း၊ ယခု UEHRD ၏လုပ်ငန်းတစ်ခုဖြစ်သည့် ပြည်သူ့အတွက်လူငယ့်ရက်(၂၀)အစီအစဉ်အရ လူငယ်(၄၀)ဦးပါ၀င်သည့် ပထမအသုတ်ဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များတွင် လူသားချင်းစာနာမှုထောက်ပံ့ကူညီရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီးဒုတိယအသုတ်ကိုထပ်မံစေလွှတ်ရေးဆောင်ရွက်နေကြောင်း၊ ထိုလူငယ် အဖွဲ့အနေဖြင့် ထောက်ပံ့မှုသာမက ပြည်သူတို့၏လိုအပ်ချက်များကို လေ့လာမေးမြန်းခြင်းနှင့် ပြည်သူတို့၏ တစ်ဦးချင်းအလိုက်ကျွမ်းကျင်သည့်၊ ဆောင်ရွက်လိုသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကိုလည်းမေးမြန်းခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်စဉ်ကပင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်လည်း စီစဉ်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခု UEHRD ၏အစီအစဉ်အရ မီးလောင်ကျေးရွာများ ပြန်လည်တည်ဆောက်ရေး၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ပြန်လည်လက်ခံရေးအတွက် အဆောက်အဦများဆောက်လုပ်၊ ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ နှစ်ဖက်အသိုင်းအဝန်းနှစ်ခုရင်ဆိုင်နေရသည့် အခက်အခဲများကို အတတ်နိုင်ဆုံး၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားသောနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးအဓိကကျသဖြင့် လုံခြုံရေးကိုလည်းအထူးအလေးထား ဆောင်ရွက်လျက် ရှိရာ လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်နေကြောင်း၊ Community Policing System ဖြင့်လည်းဆောင်ရွက်နေကြောင်း၊ လူမှုသဟဇာတဖြစ်ရေးသည်လည်း အဓိကကျသည့်အချက်တစ်ချက် ဖြစ်ကြောင်း၊ နှစ်ဖက်အသိုင်းအဝန်းအကြားသဟဇာတဖြစ်နေပါက လုံခြုံရေးတိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ယုံကြည်မှုတည်ဆောက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ယုံကြည်မှု၊ သဟဇာတရှိမှု၊ လုံခြုံရေး ကောင်းမွန်မှုတို့ရှိပါကဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ တဖက်တွင်လည်းမီဒီယာအားကောင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာ၏ စွပ်စွဲချက်များကိုမီဒီယာဖြင့် ပြန်လည်တုံ့ပြန်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီးထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံအတွင်းအဖြစ်မှန်များ၊ မိမိတို့၏ လက်တွေ့ကြိုးစားအားထုတ် ဖြေရှင်ဆောင်ရွက်နေမှုများကို မီဒီယာမှတဆင့် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး၏ ပူးပေါင်း ပါ၀င်ဆောင်ရွက်မှုများဖြင့် ရခိုင်ဒေသအရေးဖြေရှင်းဆောင်ရွက်မှုများကို မိမိတို့အားလုံးပိုမိုအားထည့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် အကြံပြုချက်များအရ ဆောင်ရွက်ရန်ရှိသည်များကိုလည်း အကောင်အထည် ဖော်ဆောင်ရွက် နေပါကြောင်း၊ ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်များတွင်လည်း ပြန်လည်နေရာချထားရေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်ချက်များကိုလည်း ယခုထက် ပိုမိုဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကဏ္ဍကိုလည်းဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အကြံပြုချက်များနှင့် UEHRD ၏လုပ်ငန်းများအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါက ရခိုင်ပြည်နယ်ကြီး သိသိသာသာ တိုးတက်ပြောင်းလဲလာမည်ဟုယုံကြည်ကြောင်း၊ ပြန်လည်လက်ခံရေး၊ စပါးရိတ်သိမ်း သိုလှောင်ရေး၊ ရောင်းချရေးများလည်းညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ လတ်တလောဆောင်ရွက်ရသည့် လုပ်ငန်းများအဆင်ပြေစေရေးဆောင်ရွက်လျက်ရှိသလိုရေရှည်လုပ်ငန်းများကိုလည်းသတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နက်နဲသိမ်မွေ့ပါကြောင်း၊ ပေါင်းစည်းအင်အားဖြင့် အကောင်းဆုံးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင် များက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဖြစ်ပေါ်တိုးတက်မှုများ၊ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ဆုံးဖြတ်ပေးရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာကော်မတီဥက္ကဌ၊ ပူးတွဲဥက္ကဌတို့က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။