သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဒုတိယအကြိမ်အစည်း အဝေးကို (၇-၁၁-၂၀၁၇) ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းရေးကဏ္ဍခွဲ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ အဆိုပါအစည်းအဝေးတွင် Disaster Management Sub – Sectoral Coordination Group ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို အတည်ပြုသတ်မှတ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ဦးစားပေးစီမံချက်အနေဖြင့် MAPDRR (၂၀၁၇) တွင်ပါရှိသည့် စီမံကိန်းများကို ရွေးချယ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အချို့သောစီမံကိန်းများသည် အစိုးရဌာနများ၏ ဘတ်ဂျတ်အကန့်အသတ်ကြောင့် အမှန်တကယ် လိုအပ်နေသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သည်များလည်းရှိသလို အခြားသောနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များလည်းရှိနိုင်သည့်အတွက် ယခုလို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ MAPDRR သည် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူ့အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် အဓိကယန္တရားတစ်ခု ဖြစ်ပါကြောင်း” စသည်ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်မှ MAPDRR တွင်ပါဝင်သော ဦးစားပေးစီမံကိန်း(၃၂)ခု နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ MAPDRR ၏ စီမံကိန်း (၃.၅)တွင်ပါဝင်သည့် တောင်ပေါ်ဒေသများတွင် မြေပြိုမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရေးစီမံကိန်းကို ဦးစားပေးစီမံကိန်းအဖြစ် ရေးဆွဲ တင်ပြရန် အတည်ပြုသတ်မှတ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၅၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။