====================================================
၆.၁၁.၂၀၁၇၊ နေပြည်တော်
====================================================
World Vision မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မြန်မာငွေ (သိန်း ၅၀၀) တန်ဖိုးရှိ၊ ရေသန့်ဆေးထုတ်(၁)သန်းအား UEHRD သို့ (၆-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် လာရောက်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ခံခဲ့ပါသည်။
ထို့နောက် World Vision အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် မြို့နယ်နှင့်ကျေးရွာများတွင် အကောင်အထည်ဖေါ်နေသည့်ဖွံဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အသေးစားချေးငွေ စီမံကိန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခုလိုရေသန့်ဆေးပြားများ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး၊ ၀န်ကြီးဌာနနှင့်ရှေ့ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေသော လူသားချင်းစာနာမှုအကူအညီများထောက်ပံ့ပေးရေးလုပ်ငန်းများတွင် World Vision အနေဖြင့် ပူးပေါင်းပါ၀င်နိုင်မည့်ကဏ္ဍများအား အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။