၃၁.၁၀.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ခေတ္တလက်ထောက်ဝန်ကြီး Mr. Simon Henshaw ဦးဆောင်သောအဖွဲ့အား (၃၁-၁၀-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ကိုယ်စား လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံသည် သြဂုတ် (၂၅) ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏အကြမ်းဖက်မှုဖြစ်စဉ်များကို ပြင်းထန်စွာရှုံ့ချခဲ့မှု၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင် ၆၀၀,၀၀၀ ခန့် ရွှေ့ပြောင်း ခိုလှုံခြင်းသည် ယခုနှစ်အတွင်း တောင်ဆူဒန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နေရပ်စွန့်ခွာသည့် လူဦးရေပမာဏဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှု၊ ယင်းဒုက္ခသည်များအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေးတွင် အမေရိကန်နိုင်ငံမှ အကူအညီပေးရန် အသင့်ရှိမှုအခြေအနေ၊ သြဂုတ်လ (၂၅) ရက်နေ့ ရဲစခန်း (၃၀) တိုက်ခိုက်ခံရပြီးချိန်မှ ယခုအချိန်ထိ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းလူသားချင်း စာနာမှု အကူအညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် လူသားချင်းစာနာကူညီမှု တိုးမြှင့်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်တွင်းအင်အားအဓိကထား၍ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ၁၉၉၂-၉၃ သဘောတူညီချက်ပါ မူ (၄) ရပ် အပေါ်ညှိနှိုင်းမှု အခြေအနေများ၊ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ပြန်လည်လက်ခံရေးစခန်း၊ ယာယီစောင့်ရှောက်ရေးစခန်းနှင့် ပြန်လည်နေရာချထားရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ၄င်းတို့၏ စားနပ်ရိက္ခာများကို ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) မှတဆင့် ဖြန့်ဝေရန် သဘောတူညီထားသည့်အခြေအနေများ၊ မြို့ရွာများစနစ်တကျပြန်လည်ထူထောင်ရန် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-HABITAT) ၏ နည်းပညာအကူအညီရယူ ဆောင်ရွက်ရန်ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)နှင့် ပူးပေါင်း၍ ယနေ့တွင်ပြန်လည်လက်ခံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုနှင့် ရခိုင်ပြည်နယ်ဖြစ်စဉ်အား ဘင်္ဂလားဒေ့ရှ်-မြန်မာအစိုးရနှစ်ဘက် ညှိနှိုင်းမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ ၀ုိင်းဝန်းကူညီမှုတို့ဖြင့် ပြေလည်အောင်ဖြေရှင်းသွားနို်င်ရေး မျှော်လင့်ပါကြောင်း ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။