UEHRD စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး မိမိဆန္ဒအလျောက် နေရပ် ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

1_pic01

၃၁.၁၀.၂၀၁၇ ၊ နေပြည်တော်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ နေသူများအား ပြန်လည်ခေါ်ယူ ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် “မိမိဆန္ဒအလျောက်နေရပ် ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Sofitel Hotel တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့်‌ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေး၊ ဥပဒေနှင့်အညီအုပ်ချုပ်သည့် စီမံခန့်ခွဲမှုစနစ် ပေါ်ပေါက်လာရေး၊ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ အဆင့်အတန်းနှင့် ကိုက်ညီသည့် အဆင့်သို့ ရောက်ရှိရေးနှင့် လူတိုင်းဂုဏ်သိက္ခာရှိစွာ နေထိုင်ရှင်သန်ရေးတို့ကို ဦးတည်ဆောင်ရွက် နေကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့်ပတ်သက်၍လည်း ပိုမိုထိရောက်သော စီမံခန့်ခွဲမှုပုံစံပြောင်းလဲဆောင်ရွက်နေပြီး ဘေးဒဏ်ကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေးနှင့် ဘေးဒဏ်ခံစား ခဲ့ရသူများကိုလည်း ပိုမိုကောင်းမွန်သည့် လူနေမှုဘ၀ရောက်ရှိစေရေး နည်းလမ်းများရှာဖွ ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သတ်သည့် ကိစ္စရပ်များတွင်လည်း ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုအပြင် ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်ထောင်စုစီမံကိန်းကိုလည်း ဖော်ဆောင်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံများသို့ ရောက်ရှိသွား သူများရှိသလို ပြန်လည်ဝင်ရောက် လာလိုသူများရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ သွားသူများကိုလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ပြန်လည်လက်ခံခဲ့သည်များ ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများကိုလည်း ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်ဖြင့် ပြန်လည်လက်ခံခဲ့ပါကြောင်း၊ ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်များတွင် UNHCR သည် ပါဝင်ကူညီခဲ့သော အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံများသို့ ရောက်ရှိနေသူများ ၄င်းတို့ဆန္ဒအလျောက် ပြန်လို ပါက ပြန်လည်လက်ခံရမည်မှာ မိမိတို့တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ဆောင်ရွက်လို၍ ပြန်လည်ဝင်ရောက်လာသူများလည်း ရှိပါကြောင်း၊ သို့ဖြစ်ရာ ပြန်လည် လက်ခံရေးလုပ်ငန်းများကို နိုင်ငံတကာဥပဒေများ၊ မူဘောင်များ၊ စံသတ်မှတ်ချက်များ၊ အ‌ခြေခံ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ဥပဒေများ၊ စည်းကမ်းချက် များနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် UEHRD စီမံကိန်း အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှု၏ လုပ်ငန်း တစ်စိတ်တစ်ဒေသဖြစ်ရာဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ UNHCR မှ Mr.Indrika Ratwatte နှင့် Regional Representative ဖြစ်သူ Josephpal D.e Vincetis တို့က မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ UEHRD စီမံကိန်းကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် ၊ UNHCRမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events