၂၈.၁၀.၂၀၁၇၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ပြီး သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံအတွင်း မှုခင်းများပေါ်ပေါက်ခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်းများရှိရာ ၄င်းတို့၏ အခြေခံအကြောင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ အနာဂါတ်နိုင်ငံ တော်တွင် လူငယ်များအတွင်း မူးယစ်ကင်းစင်ပြီး စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်များ ဖြစ်လာစေရေး အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကတဆင့် တည်ငြိမ်အေးချမ်း သော အခြေအနေကိုတည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို အသစ်ရေးဆွဲခြင်း၊ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီးဖြစ်သဖြင့် ယခင်ဆေးသုံးစွဲသူများသည် မှတ်ပုံတင်ကာ ဆေးကုသမှုခံယူရပြီး ယခုအခါ မှတ်ပုံတင်ရန်မလိုအပ်တော့ဘဲ ဆေးကုသခွင့်ရှိလာပြီဖြစ်ပါကြောင်း၊ မူးယစ် သုံးစွဲခဲ့သူများအနေဖြင့် ဘဝဆုံးပြီဟု ထင်မြင်ရာမှ ပြန်လည်ထူထောင်ရေးကြောင့် ဘဝအသစ် ပြန်စနိုင်ပြီဆိုတာကို သိရှိနားလည်လာပြီ ဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အရေးပါလာပြီ ဖြစ်ပါကြောင်းနှင့် ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (၉)ခုတွင် တာချီလိတ်၊ လားရှိုးနှင့် ကျိုင်းတုံစခန်းများ၌ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြင်ဦးလွင်၊ ဗန်းမောက်နှင့် ထားဝယ်တို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်းနှင့် ယနေ့သင်တန်းဆင်းပြီးသူများ အနေဖြင့် မူးယစ် ဆေးဝါးနှင့် ဆက်နွယ်သည့် လုပ်ငန်းစဉ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များကို နားလည်တတ်ကျွမ်းပြီး ဖြစ်သဖြင့် ဝိုင်းဝန်းပံ့ပိုးကြဖို့ပြောကြားလိုပါကြောင်းဖြင့် ပြောကြားကာ သင်တန်းဆင်းလက်မှတ် များကို တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် UEHRD စီမံကိန်းတွင် လူငယ်များပါဝင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဦးဝေဠုကျော်နှင့် ညှိနှိုင်းဆွေးနွေး ရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)၏ ရှေ့ပြေးဆောင်ရွက်မှုများတွင် ဝေဠုကျော် ဖောင်ဒေးရှင်းမှ လူငယ်များပါဝင် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ လူငယ်များကို သင်တန်းများ ဖွင့်လှစ်ပို့ချပြီး ကွင်းဆင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ စားဝတ်နေရေးအတွက် လတ်တလောလိုအပ်ချက် များတွင် လူငယ်များ၏အင်အားဖြင့် ပူးပေါင်း ပါဝင်နိုင်မည့် အခြေအနေ များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။