၂၇.၁၀.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bank (ADB) မှ Director General of Southeast Asia Department ဖြစ်သူ Mr.Ramesh Subramaniam က (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ADB ၏မူဝါဒ၊ စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစီမံကိန်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ဆောင်ရွက်နေသော မြို့ပြသယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အရေးကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခအလွန်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးကဏ္ဍများတွင် အတွေ့အကြုံရှိသော အာဆီယံနိုင်ငံအချို့၏ အကူအညီအကြံဉာဏ်များ ဖလှယ်ရယူနိုင်ရေး၊ လူထုအခြေပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲဆိုင်ရာလုပ်ငန်းများတွင် ၀န်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မုန်တိုင်းဒါဏ်ခံအဆောက်အဦ များဆောက်လုပ်ခြင်းနှင့်အတူ ရွာချင်းဆက်လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်တိုးတက် လာစေရေးကိစ္စများ၊ UEHRD စီမံကိန်းအတွက်လိုအပ်သောနည်းပညာနှင့် အကြံဉာဏ် အကူအညီပေးရေးကိစ္စများ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်မတီများထူထောင်ပြီး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ပြည်သူအားလုံး၏ ညီညွတ်မှုအင်အားဖြင့် တည်ထောင်ထားသော UEHRD ပြည်ထောင်စုစီမံကိန်း၏ အကောင်အထည်ဖေါ်ဆောင်ရွက်မည့်ကိစ္စများ၊ စေတနာ့ဝန်ထမ်းလူငယ်ထု၏ အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စများ၊ မတူကွဲပြားသော လူ့အဖွဲ့ အစည်းအတွင်း ဟန်ချက်ညီစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရေး ရှေးရှုလျက် မတူကွဲပြားမှု စီမံခန့်ခွဲရေးဖိုရမ် (Diversity Management Forum) ကျင်းပမည့် ကိစ္စရပ်များ၊ ADB အနေဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဆောင်ရွက်ရန် UMG ကုမ္ပဏီလိမိတက် (ရုံးခွဲမိသားစုများ) က လှူဒါန်းငွေကျပ် (၂၅) သိန်းကို (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။