နေပြည်တော် အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၂၆-၁၀-၂၀၁၇) ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တက်ရောက်၍ အလှူငွေများ ပေးအပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ် (၆၃) သိန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ စုပေါင်းလှူဒါန်းငွေ ကျပ်(၈၇)သိန်း စုစုပေါင်း ကျပ်သိန်း (၁၅၀) အား ပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။