(၂၆-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Director for Myanmar,Cambodia and Lao PDR ဖြစ်သူMs. Ellen Goldsteinကလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ၊Ms.RenataDessallien ကလည်းကောင်း၊ ဥရောပကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။
World Bankအဖွဲ့နှင့်တွေ့ဆုံရာတွင် Ms. Ellen Goldstein က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဌအဖြစ်ဦးဆောင်၍ပြည်သူတစ်ရပ်လုံးပါဝင်မည့် ပြည်ထောင်စုစီမံကိန်းUEHRD၏ အကောင်အထည်ဖေါ်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အဆိုပါပြည်ထောင်စုစီမံကိန်းအတွက် World Bankအနေဖြင့် နည်းပညာနှင့်ငွေအရင်းအနှီးအကူအညီပေးမည့်ကိစ္စများ၊ ပြန်လည်ထူထောင်ရေးမှစ၍ဖွံ့ဖြိုးရေးလုပ်ငန်းများအားနိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မိသားစုများပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သောအရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့် နည်းပညာအကူအညီများပေးနိုင်မည့်နည်းလမ်းများ၊နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကိစ္စများကိုဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရှိန်မြှင့်ဆောင်ရွက်နေသော လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ပြည်သူများ၏ အင်အားကိုအဓိကထားပြီး မိတ်ဖက်နိုင်ငံများနှင့်အဖွဲ့အစည်းများ၏ကူညီပံ့ပိုးမှုများဖြင့်ဆောင်ရွက်မည့် UEHRD ၏ လုပ်ငန်းများတွင်World Bank အနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့်နည်းလမ်းများနှင့်အကြံပြုချက်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ ဆောင်ရွက်နေသည့် သက်ကြီး ထောက်ပံ့ရေးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသည့် ကလေးအသက် (၂)နှစ်အထိငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်များ ကိုပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ Ms.RenataDessallien နှင့် တွေ့ဆုံရာတွင် ၎င်းအနေဖြင့် ယခုလိုမြန်မာနိုင်ငံတွင် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပါသောလုပ်ငန်းတာဝန်များအားသိရှိပြီး ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် တစ်ဖက်တစ်လမ်းမှ အကူအညီပေးခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အစိုးရကဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခ ဒါဏ်ခံပြည်သူအားလုံးအတွက် ပူးပေါင်းဆောင်ရွက်နေသောလုပ်ငန်းများ တိုးတက်မှုကိုသိရှိပါကြောင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ၏ အကူအညီများ၊ အကြံပြုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏အစိုးရနှင့်နီးကပ်စွာပူးပေါင်း၍အပြုသဘောဆောင်သောကူညီမှုများအတွက် အသိအမှတ်ပြုပါကြောင်းနှင့် UEHRD ၏အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသောလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် တွေ့ဆုံရာတွင် ဥရောပသမဂ္ဂအနေဖြင့်(EU)အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီ၏ အကြံပြုချက်များအကောင်အထည်ဖေါ်ရေးအတွက် အထောက်အပံ့ပေးရန်အသင့်ရှိပါကြောင်း ၊သြဂုတ်လ တိုက်ခိုက်မှုများ မဖြစ်ခင်ကပင် LIFT မှတဆင့် ယူရိုသန်း(၂၃၀)ဖြင့် ဆောင်ရွက်နေသည့်ဥရောပသမဂ္ဂ၏စီမံကိန်းများရှိနေပါကြောင်း၊ ပြည်ထောင်စု စီမံကိန်း UEHRD ကိုမိမိအနေဖြင့် ပြည်တွင်းမှလူအားငွေအား စုစည်း၍ဆောင်ရွက်မည့်စီမံကိန်းကြီးဟု နားလည်ပါကြောင်း၊ UEHRD စီမံကိန်းများအတွက် အလှူငွေနှင့်ထောက်ပံ့ရေးအစီအစဉ်များအဆင်သင့်ရှိပါကြောင်း၊ပဋိပက္ခဒဏ်ခံပြည်သူများအတွက်ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်ကူညီလိုပါကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ရောက်ရှိလာမည့်သူများအတွက်ပြန်လည်လက်ခံရေးကိုမည်သု့ိဆောင်ရွက်မည်ကိုသိလိုပါကြောင်း၊နေရပ်စွန့်ခွာနေထိုင်သူများ၏လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရမရသိလိုပါကြောင်း၊နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေကိုသိလိုပါကြောင်းနှင့်UEHRDတွင်နိုင်ငံတကာအကြံပေးအဖွဲ့ဖွဲ့စည်းထားခြင်းရှိ၊မရှိသိလိုပါကြောင်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့်ပြည်ထောင်စုစီမံကိန်း (UEHRD)၏လုပ်ငန်းများမှာအပြန်အလှန်ချိတ်ဆက်နေပါကြောင်း၊ပြည်ထောင်စုစီမံကိန်း၏အဓိကရည်ရွယ်ချက်မှာလူသားချင်းစာနာကူညီမှုတိုးမြှင့်ပေးနိုင်ရေးနှင့်ဒုက္ခသည်များပြန်လည်လက်ခံရေး၊ စနစ်တကျပြန်လည်နေရာချထားရေးနှင့်ဖ့ွံဖြိုးတိုးတက်ရေးနှင့်နောင်တွင် ပဋိပက္ခများထပ်မံမဖြစ်ပွားရေးကာကွယ် ရန်ဖြစ်ပါကြောင်း၊ (UEHRD)တွင် ပြည်နယ်တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ(၁၅)ခုလုံးပူးပေါင်းပါဝင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်ပြည်သူ တစ်ရပ်လုံးပါဝင်မည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးစားပေးလုပ်ငန်းများရွေးချယ်ပြီးဖြစ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းများမှာပြန်လည်လက်ခံရေးအတွက် နိုင်ငံသား စိစစ်မှုလုပ်ငန်းများ၊လမ်း၊တံတားဆောက်လုပ်ရေး၊မြေယာကိစ္စများ၊လျှပ်စစ်မီးရရှိရေးနှင့်အိုးအိမ်ပြန်လည်တည်ဆောက်ပေးရေးတို့ဖြစ်ပါကြောင်း၊ပြန်လည်နေရာချထားရေးစနစ်ကျစေရန်ကျေးရွာ/မြို့ပြစီမံကိန်းများတွင်ကုလသမဂ္ဂမြို့ရွာနှင့်အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်(UNHABITAT)၏နည်းပညာရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြားဦးစားပေးအစီအစဉ်တွင်၂၀၁၂ မှစ၍တည်ရှိနေသော ကယ်ဆယ်ရေးစခန်းများစနစ်တကျပိတ်သိမ်းရေး လည်း ပါဝင်ပါကြောင်း၊ ပြန်လည်နေရာချထားရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့်အညီ ပိုမိုကောင်းမွန်သောပြန်လည် ထူထောင်ရေးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ရရှိရေးမှာ လုံခြုံရေးအရေးကြီးသဖြင့် ရဲတပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်ကိရိယာတိုးချဲ့တပ်ဆင်ရေးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ UEHRD စီမံကိန်းကုန်ကျငွေကို သက်ဆိုင်ရာဝန်ကြီးဌာနများက တွက်ချက် ဆဲဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများ လက်ခံရေးအတွက် လက်ခံရေးစခန်းများဖွင့်လှစ်မည်ဖြစ်ရာ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့်ပူးပေါင်း၍ ပြန်လည်လက်ခံရေးဆိုင်ရာနည်းပညာနှင့် အတွေ့အကြုံများဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်းနှင့် EUနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။