သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ (Disaster Recovery Forum) ကို စက်တင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ကုန်သည်/ စက်မှုအသင်းများ၊ ပြည်တွင်းအရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ဖောင်ဒေးရှင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ရေကြီး ရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်းတွင် ရေဘေးသင့်မှုဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရပါကြောင်း။ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများတွင် စေတနာ ထက်သန်စွာဖြင့် အစွမ်းကုန်ပါဝင် ဆောင်ရွက်ပေးခဲ့သည့်လူငယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစေတနာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေနှင့်လည်း ထောက်ပံ့ရေးကိစ္စများကို အစွမ်းကုန်ပံ့ပိုးဆောင်ရွက်နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက်စတင်ရမည် ဖြစ်သည့်အတွက် ရေရှည်တည်တံ့မည့်အနာဂတ်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်မည့် ပြန်လည်ထူထောင်ရေးစီမံကိန်းမူဘောင်တစ်ရပ်ကို ရေးဆွဲခဲ့ပါကြောင်း။
အဆိုပါစီမံကိန်း၏ရည်မှန်းချက်မှာ ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုကို ရှေ့ရှုမည့်ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွပြန်လည်ထူထောင်ကြရန် ဖြစ်ပါကြောင်း။ ယင်းရည်မှန်းချက်ကို ဖော်ဆောင်မည့်လုပ်ငန်းစဉ်များကို အများပါဝင်ဆွေးနွေးနိုင်မည့် ယခုကဲ့သို့ ဖိုရမ်များမှ တစ်ဆင့်ရေးဆွဲသွားရန် ဖြစ်ပါကြောင်း။
ရေဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတလူမှုရေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ သို့သော်လည်း အဆိုပါကယ်ဆယ်ရေးအကူအညီများ စနစ်တကျဖြစ်စေရေး၊ အမှန်တကယ်လိုအပ်သည့် နေရာများသို့ အချိန်မီရောက်ရှိရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ ဆောင်ပုဒ်ဖြစ်သော မည်သူမျှ မကျန်ခဲ့စေရ No One Left Behind မူနှင့်အညီ ပိုမို ကောင်းမွန်သည့် ဖွံ့ဖြိုးမှု လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် “ပြန်လည်ထူထောင်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး” ကို ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အဓိကဦးတည်ချက်မှာ နိုင်ငံတော်ဖွံ့ဖြိုးမှုစီမံကိန်းများတွင် ကြံ့ခိုင်ရည်စွမ်းအားရှိသော ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ရပ်ကို ကာလတို ကာလလယ် ကာလရှည် အပိုင်းအခြားတိုင်း၌ ထည့်သွင်း ဆောင်ရွက်ရေးပင် ဖြစ်ပါကြောင်း။
ပြန်လည်ထူထောင်ရေးစီမံကိန်းများရေးဆွဲရာတွင် မရှိမဖြစ်ဆောင်ရွက်ရမည့် ကိစ္စမှာဘေးလွန်ကာလလိုအပ်ချက်များ ဆန်းစစ်ချက် (PDNA) ဖြစ်ပြီး ယင်းကို ကဏ္ဍပေါင်းစုံ ဒေသအနှံ့ပျက်စီးဆုံးရှုံးမှုများအား ပြည့်စုံစွာ သုံးသပ်ရန် အရေးကြီးပါကြောင်း။ မိမိတို့ ကော်မတီအနေနှင့် အစိုးရအုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်မှ အဆိုပါ ဆန်းစစ်ချက်များ ကောက်ခံနေသကဲ့သို့ ဆန်းစစ်သည့်နေရာတွင်လည်း အစိုးရမဟုတ်သော ပုဂ္ဂလိကလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆန်းစစ်ချက်များကိုလည်း တစ်ပါတည်း ပူးတွဲသုံးသပ်နိုင်ရန် လွန်စွာအရေးကြီးပါကြောင်း။
ပြန်လည်ထူထောင်ရေးမဟာဗျူဟာ၏ အရေးပါသည့် အစိတ်အပိုင်းများမှာ ဘေးသင့်ဒေသများအတွက် လိုအပ်ချက်များကို ပြည့်စုံမှန်ကန်သည့် ဆန်းစစ်ချက်များ အမြန်ဆုံး ဆောင်ရွက်ရန်၊ ပိုမို ကောင်းမွန်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုအမြင်ကို ပူးပေါင်းအကောင်အထည်ဖော်ရန်၊ စားနပ်ရိက္ခာဖူလှုံရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးတန်ဖိုးကွင်းဆက်များ ပြန်လည်ထူထောင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် အများခံစားနိုင်မည့် တိုးတက်မှုကို ဆောင်ကြဉ်းရေး အတွက် ဦးစားပေးဆောင်ရွက်ရန်နှင့် အမျိုးသားကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်တို့ ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်းရေးဖွဲ့စည်းပုံ၏ အသေးစိတ်စုဖွဲ့မှုများကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများတွင် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံများကို ကျယ်ကျယ်ပြန့်ပြန့် တာဝန်ပေး၍ အမြဲတမ်းဆောင်ရွက်နိုင်ရန် စီစဉ်ထားပါကြောင်း။
ပြန်လည်ထူထောင်ရေးစီမံကိန်းသည် နိုင်ငံတော်အစိုးရက လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်လည်း ဆက်စပ်မှုရှိရမည့်အပြင် ရေရှည်စီမံကိန်းဖြစ်သော အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်လည်း တစ်ပါတည်းချိတ်ဆက်နိုင်ရေး သတိပြုရေးဆွဲရန် လိုအပ်ပါကြောင်း။
ပြည့်စုံကုံလုံစွာ ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲပြင်ဆင်နိုင်မှသာ နိုင်ငံတော်၏ ပြန်လည်ထူထောင်ရေးအစီအစဉ်သည် ” ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက် (Building Back better)” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဆန္ဒကို ကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း။
ယင်းအစီအစဉ်များ ခိုင်မာမှုရှိမှသာ နိုင်ငံတကာမှ ကမ်းလှမ်းလာသော လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များက စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ” Social Enterprise in Reconstruction & Rehabilitation” တို့နှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ခေတ္တရပ်နားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို နံနက် (၁၀) နာရီခွဲတွင် ဆက်လက်ကျင်းပရာ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။
ယင်းနောက် UNDP ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပုဂ္ဂလိကအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖောင်ဒေးရှင်းများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များက ဒေသဆိုင်ရာအခြေအနေများ လက်ရှိဘေးသင့်ဒေသများတွင် လိုအပ်နေသည့် ပြန်လည်ထူထောင်ရေးအခြေအနေများနှင့် ရေဘေးသင့်အိမ်ထောင်စုများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က Public-Private-People-Partnership (4P) for Post-Disaster Reconstruction နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့်တင်မှုအထူးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ထူထောင်ရေးနှင့် ကုန်သွယ်မှု ဆိုင်ရာအစိုးရမူဝါဒများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
ညနေပိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ ရေဘေးသက်ရောက်ဒေသခံများအတွက် ဝင်ငွေရလမ်း ဖန်တီးပေးရေးနှင့် အသေးစားနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို အုပ်စုငယ်များအလိုက် တစ်ပြိုင်နက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲများအပြီးတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက အနှစ်ချုပ် သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌက နိဂုံးချုပ် ပြောကြားသည်။
ရေဘေးသင့်ဒေသများရှိ လုပ်ငန်းငယ်များ ပြန်လည်ရပ်တည်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ရန်၊ ဝင်ငွေလည်ပတ်ဆောင်ရွက်နိုင်ရန်၊ ရေဘေးသင့်ဒေသများ၏ အဓိကလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် လုပ်ငန်းကဏ္ဍများ၏ ဆောင်ရွက်ရမည့်အစီအစဉ် အကြံပြုချက်များကို ထုတ်ဖော်တင်ပြနိုင်ရန် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။