၂၅.၁၀.၂၀၁၇၊ နေပြည်တော်
UEHRD ၏ အဓိကရည်ရွယ်ချက်များဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်လက်ခံရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အချိန်ကာလအလိုက် ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ UEHRD ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ၀န်ကြီးဌာန အစည်းအဝေးခန်း၌ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN-HABITAT မှ Senior Human Settlements Officer ဖြစ်သူ Mr.Bruno Dercon ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ ကျေးရွာအိုးအိမ်များ ဖွဲ့စည်းတည်ဆောက်ရေး အတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော UEHRD ၏ လုပ်ငန်းစဉ်များ လျှင်မြန်စွာအကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များကြောင့် ရပ်ရွာစွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်အဆိုပါ ပြည်သူများ အတွက် အိုးအိမ်များ တည်ဆောက်နေရာချထားခြင်းကိုလည်း စတင်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားကျေးရွာများကို စုစည်း၍ ပြန်လည် တည်ဆောက်ပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိ်ုးရအဖွဲ့အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်း၍ ဆောင် ရွက်နေပါကြောင်း၊ မီးလောင်ပျက်စီးသွားသော တိုင်းရင်းသားနှင့် မွတ်ဆလင်များ၏ ကျေးရွာများကိုပြန်လည်တည်ဆောက်ရာတွင် ကျေးရွာအင်္ဂါရပ်နှင့် ညီညွတ်သော ဖွဲ့စည်း တည်ဆောက်မှုနှင့် ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုသော ဖွဲ့စည်းတည်ဆောက်မှုမျိုး ဖြစ်စေရန် ယခုကဲ့သို့ UN-HABITAT အဖွဲ့အစည်းကို ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများကလည်း မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပါသည်။
UN-HABITAT သည် မြို့ရွာ စီမံကိန်းများရေးဆွဲမှုကို အထောက်အကူပြု ပံ့ပိုး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် ကျေးရွာများဖွဲ့စည်းနေရာချထားမှုကိုလည်း နည်းပညာ ပံ့ပိုးမှုဖြင့် ပါ၀င်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ မြန်မာ့ရေမြေသဘာဝ၊ လူမှုရေးအခြေအနေ၊ အုပ်ချုပ်မှုစနစ်တို့နှင့် ကိုက်ညီမည့် စီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ကျေးရွာများနှင့် အိုးအိမ်များစနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် UN-HABITATအဖွဲ့မှ တာဝန်ရှိသူများနှင့် နို၀င်ဘာလ(၈)ရက်နေ့တွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။