၂၅.၁၀.၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြား ရာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဖြစ်စဉ်တစ်ခုတည်းကိုသာ ကြည့်သည့်အတွက် နိုင်ငံတကာအသိုက် အဝန်း၏ အထင်လွဲမှား မှုများ ရှိခဲ့ရကြောင်း၊ ဖြစ်စဉ်၏အခြေခံအကြောင်းရင်းကိုသိမှသာလျှင် အမှန်ကိုသိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တတ်နိုင်သမျှ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရာတွင် ပြည်သူအတွက်အကျိုးရှိထိရောက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့် အချက်များကိုနည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ရင််ဆိုင်ရမည့်အခက်အခဲများရှိသော်လည်း အကောင်းဆုံး နည်းလမ်းများဖြင့် ဆက်လက်အရှိန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များ မှစ၍ မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့်သူများအထိ အခြေအနေ မှန်ကို သိရှိရန်လိုအပ်ပြီး ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို ဖြေရှင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်သည့် နည်းလမ်း များဖြင့် ဖော်ဆောင်နို်င်ရန် Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine (UEHRD) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ UEHRD နှင့် မိမိတို့ကော်မတီ၏ လုပ်ငန်းများ ဆက်စပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်နိုင်ငံလုုံးရှိပြည်သူများ၏ အင်အားကို ရယူ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအင်အားကို ပြသနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် ကြီးများ၊ တတ်သိပညာရှင်များ၊ဖောင်ဒေးရှင်းများနှင့် လူငယ်အင်အားစုများလည်း ပါဝင် လာကြပြီဖြစ်ကြောင်း၊ “ပြည်သူ့အတွက် လူငယ့်ရက်နှစ်ဆယ်” စီမံကိန်းကိုုလည်း ဆောင်ရွက် မည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိသူများပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ဤပဋိပက္ခမျိုး ထပ်မံမဖြစ်ပွားရေးကို ရည်ရွယ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုဖြစ်စဉ် အပေါ်ဖြေရှင်းဆောင်ရွက်ရာတွင် နို်င်ငံတကာက အာရုံစိုက် စောင့်ကြည့် နေသဖြင့် မီဒီယာ ကဏ္ဍကလည်း အလွန်ပင်အရေးကြီးပါကြောင်း၊ UEHRDနှင့် မိမိတို့ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန် ရန် လိုအပ်ပြီး အခြေအနေမှန်ကို သိရှိကြမှသာ ဖြေရှင်းဆောင်ရွက်နိုင်မည့် အနေအထား ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လာ ကြမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော၊ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ကော်မတီပူးတွဲ ဥက္ကဌဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ဖြစ်စဉ် အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး စီမံချက်ကို အကောင်းဆုံးရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်သွားနိ်ုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကောင်အထည်ဖော်မည့်သူနှင့် အကောင်အထည်ဖော်သည့်ရလဒ်များကို လက်ခံမည့်သူ ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ အကောင်အထည်ဖော်ပေးမည့်သူများက မျှမျှတတဆောင်ရွက် ပေးရန်လိုအပ်ပြီး လက်ခံမည့်သူကလည်း နားလည်ယုံကြည်လက်ခံရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအထိ ဆောင်ရွက်ပေးနိုင်မည် ဆိုသည်ကလည်း အရေးကြီးပါကြောင်း၊ ရေရှည်တွင် နှစ်ဖက် အသိုင်းအဝိုင်းအကြား သဟဇာတဖြစ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ ချိတ်ဆက်ဆောင်ရွက်ရမည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း အသိုင်းအဝိုင်းနှစ်ခု မျက်နှာချင်းဆိုင်လက်တွဲနိုင်ရေး ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ စိန်ခေါ်မှုအခက်အခဲများ ရှိနိုင်မည် ဖြစ်သော်လည်း သတ္တိရှိရှိဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဌ၊ ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။