လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Disaster Preparedness Center(ADPC)မှ Mr. Hans Guttman(Executive Director) ဦးဆောင်သောအဖွဲ့က (၂၃-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ADPC အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ ဘေးဒဏ်ခံနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကိစ္စရပ်များ ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှ ADPC၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီတစ်ရပ် ထူထောင်၍ ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်း၍ ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ မကြာသေးမီက မိတ်ဆက်ဖြန့်ဝေခဲ့သော Myanmar Action Plan for Disaster Risk Reduction (MAPDRR) တွင် ပါ၀င်သောလုပ်ငန်းများ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကိစ္စရပ်များ၊ Union Enterprise for Humanitarion Assistance, Resettlement and Development (UEHRD) ထူထောင်၍ ပဋိပက္ခဒဏ်ခံ ပြည်သူများ အတွက် ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြား၍ ADPC အနေဖြင့် အကူအညီပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ UNHCR မှ Mr. Giuseppe de Vincentiis နှင့်တွေ့ဆုံရာတွင် Union Enterprise for Humanitarion Assistance, Resettlement and Development ၏ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းကိစ္စရပ်များ၊ ပြည်သူလူထု၏ အင်အားဖြင့် ဆောင်ရွက်မည့် အဆိုပါစီမံကိန်းအား ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ တကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ ပါ၀င်အကူအညီ ပေးနိုင်မည့်နည်းလမ်းများ၊ ဦးစားပေးနေရာဒေသများရွေးချယ်၍ စတင်ဆောင်ရွက်လျက် ရှိသော ပြန်လည်နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား အကူအညီ အထောက်အပံ့ ပေးမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး UNHCR အနေဖြင့် လိုအပ်သော အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အကူအညီများ ပေးရန် အဆင်သင့်ရှိပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ H.E. Sultan Bin Saad Al-Muraikhi ဦးဆောင်သည့် အဖွဲ့နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များ၊ နိုင်ငံအတွင်းရှိဖွံ့ဖြိုးမှုအနည်းဆုံး ဒေသများဖြစ်သော ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ဘေးဒဏ်ခံစားရ သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည် ဖော်ရေးကိစ္စရပ်များ၊ (၂)နိုင်ငံ သဘောတူညီချက်အရ ဆောင်ရွက်မည့် မိသားစုများ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ၊ Union Enterprise for Humanitarion Assistance, Resettlement and Development (UEHRD)၏ ပြည်သူ့အင်အားဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းကိစ္စရပ် များ၊ ဒေသတွင်းဖွွ့ံဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေး ပြောကြားခဲ့ပြီး၊ H.E. Sultan Bin Saad Al-Muraikhiမှ ရခိုင်ပြည်နယ် အရေးကိစ္စတွင် နိုင်ငံတော်အစိုးရ ဆောင်ရွက်နေသော လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိိလိုပါကြောင်း၊ မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို မိမိတို့အနေဖြင့် ဆန့်ကျင်ပါကြောင်း၊ မြန်မာနိုင်ငံအား မိတ်ဆွေနိုင်ငံအဖြစ်သဘောထားပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ အကောင်အထည် ဖော်ရာတွင် ကူညီလိုပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်ခံပြည်သူအားလုံးအတွက် ကျန်းမာရေး၊ ပညာရေးနှင့်အခြားသောအကူအညီများ ပေးလိုကြောင်းဖြင့်ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။