၂၂-၁၀-၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မတူကွဲပြားမှုများကို သဟဇာတဖြစ်စေရန်အတွက် မည်သို့မည်ပုံ စီမံခန့်ခွဲမည်ကို မိမိတို့နိုင်ငံတွင် ဆောင်ရွက်နေမှု အတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ “Diversity Management in the Age of Globalization” ဖိုရမ်တစ်ရပ်ကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကျင်းပနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ယနေ့ နေ့လည်ပိုင်း၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးပြောကြားရာတွင် အဆိုပါဖိုရမ်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ၎င်းဖိုရမ်သည် နိုင်ငံတော်အစိုးရက ဦးဆောင် ကျင်းပသောဖိုရမ်ဖြစ်ပြီး အဓိကအားဖြင့် ပြည်တွင်း၌ Diversity Management တွင် ဆက်စပ်လုပ်ကိုင်လျှက်ရှိသော ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများကိုဖိတ်ကြား၍ ဆွေးနွေးပွဲ ပုံသဏ္ဍာန်ကျင်းပမည်ဖြစ်ပြီး၊ ပြည်ပကျွမ်းကျင်သူများကိုလည်း ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြဿနာ တစ်ရပ်ဖြစ်တိုင်း တရားမျှတစွာ ဖြေရှင်းသွားရမှာဖြစ်ပါကြောင်း၊ အမုန်းတရားနှင့် အကြောက်တရားက ပဋိပက္ခများကို ဖြစ်စေပါကြောင်း၊ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ သော်လည်း ပြေလည်မှုမရှိဘဲ ဆက်လက်ဖြေရှင်း ရမည်ဖြစ်ပါကြောင်း၊ နားလည်မှုနှင့် သဟဇာတဖြစ်အောင် ကြိုးစားခြင်းကို ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါ ကြောင်း၊ အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ပေါက်ဖွားစေခြင်းသည် မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့ဖြစ်၍ နားလည်မှုနှင့် သဟဇာတဖြစ်မှုကိုမြှင့်တင်ရန် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေးကို ဦးစားပေးလုပ်ဆောင်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်စေပါကြောင်း၊ ဒေါက်တာကိုဖီအာနန်၏ အကြံပြုချက် များကို အကောင်အထည်ဖော်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဟဇာတဖြစ်မှုအတွက်များစွာ အကျိုးရှိမှာဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာရရှိရေး၊ လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းမှုများ ရရှိရေးတို့သည် ယခုအခါတွင် အရေးကြီးဆုံးဖြစ်ကြောင်း ၊ UEHRD စီမံကိန်း၏ ရည်ရွယ်ချက်(၃)ရပ်ကို အကောင်အထည်ဖော်ရာတွင် လည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရေရှည်ပဋိပက္ခ ကင်းဝေးရေးဟုပါရှိပါကြောင်းနှင့် အဆိုပါဖိုရမ်သည် နိုင်ငံတော်အစိုးရအနေဖြင့် မတူကွဲပြားမှုများကို စုစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားသောဒေသများအတွက် အလေးထားဆောင်ရွက်ခြင်း ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အကျိုး သက်ရောက်မှုရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MSWRR