လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် (၁၃)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတက်ရောက်ဖွင့်လှစ်မှုသတင်း

19Pic-02
၁၈.၁၀.၂၀၁၇၊ ရန်ကုန်
မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပါသည်။
ယင်းသို့ ပြောကြားရာတွင် အာဆီယံနိုင်ငံအစိုးရများ၏ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များအတွက် ယခု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသည် များစွာအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအလိုက်နှင့် အာဆီယံဒေသတွင်း အဆင့်လုပ်ငန်းများနှင့် ဆောင်ရွက်လိုသည်များကို အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းခြင်း၊ သုံးသပ်ခြင်းနှင့်ဝန်ကြီးများအဆင့်အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်များကိုပြုလုပ်ပြင်ဆင် ဆောင်ရွက်ကြရတာဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအတွင်း လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ လူငယ်မူဝါဒ ရေးဆွဲဆောင်ရွက်နေမှုများ၊ အားလုံးအကျုံးဝင်သောလူမှုကာကွယ်စောင့်ရှောက်ရေးကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်ကြိုးစားဆောင်ရွက်နေမှုများကိုပြောကြားပြီး အစည်းအဝေး တက်ရောက်သည့် အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား အာဆီယံ အသိုက်အဝန်းတစ်ခုလုံး၏ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပြောကြားဖို့ တိုက်တွန်းပြောကြား ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံ(၁၀) နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့်ပြည်တွင်းဆက်စပ်အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ် များ (၇၀)ဦး တက်ရောက်ခဲ့ဲကြပါသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်မြို့၊အမှတ်(၆၄)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းဖွင့်လှစ်မည့် ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း အဆာက်အဦသစ် အတွင်း ပြင်ဆင်ထားသော အားကစားခန်း၊ အသက်မွေးဝမ်းကြောင်းသင်တန်းခန်း၊ ထမင်း စားခန်း၊ မီးဖိုဆောင်နှင့် အိပ်ဆောင်အတွင်း ခင်းကျင်းထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါ သည်။
အဆိုပါစခန်းတွင် (၂၃-၁၀-၂၀၁၇)ရက်နေ့မှ (၂၇-၁၀-၂၀၁၇)ရက်နေ့အထိဖွင့်လှစ်မည့် စေတနာ့ဝန်ထမ်း မူယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်ရန်နှင့် စခန်းအခြေပြု မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းတွင် သင်တန်းသား လက်ခံစောင့်ရှောက်နိုင် ရေးအတွက် လိုအပ်သည်များ မှာကြား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

Sign Up

Upcoming Events