(၁၇-၁၀-၂၀၁၇)၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဌ Senator Richard Gordon ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေနှင့် ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာဒေါ်မြသူတို့အဖွဲ့က ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ယခုလိုလက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေသည့် Red Cross Movement ကြက်ခြေနီလှုပ်ရှားမှု မှတဆင့် လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေ သည်ကို သိရှိထောက်ခံပါကြောင်း၊ အဆိုပါလှုပ်ရှားမှုအနေဖြင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ အား တပြေးညီထောက်ပံ့ပေးလျက်ရှိသည့်ကိစ္စများ၊ နိုင်ငံတော်အဆင့်နှင့် ဒေသခံအဆင့် ကြက်ခြေနီအဖွဲ့များ ပိုမိုခိုင်မာစေရေးကိစ္စများ၊ အခက်အခဲများ စိန်ခေါ်မှုများကို နိုင်ငံတော် အစိုးရနှင့်ပူးပေါင်း၍ အဖြေရှာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်၍ လူနေမှုဘဝ တိုးတက်မြင့်မားစေရန် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူငယ်များ၏ အင်အားကို အသုံးပြု၍ အရေးပေါ်အခြေအနေ တုံ့ပြန်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကူညီမည့်ကိစ္စရပ်များ၊ ကြက်ခြေနီ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား ကူညီရန်အသင့်ရှိပါကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။