
၁၄-၁၀-၂၀၁၇၊ ရန်ကုန်
ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)မှ လူသားချင်းစာနမှု ဆိုင်ရာ အကူအညီများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(ရန်ကုန်ရုံးခွဲ) တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ထောက်ပံ့ပစ္စည်းများကို လက်ခံ ရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
အဆိုပါအခမ်းအနားတွင် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Adelina Kanal က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင်-
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန (AHA Centre) မှ ရခိုင်ဒေသတွင်း ဒုက္ခခံစားရသူအားလုံးအတွက် ကူညီထောက်ပံ့ရန် လာရောက်ခြင်းကို ကြိုဆိုပါကြောင်း၊ ဤထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသည် အာဆီယံဒေသတွင်း နိုင်ငံအချင်း ချင်းနားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ခိုင်မြဲသော လက်တွဲမှုနှင့် ညီညွတ်ပေါင်းစည်းမှုကို ပြသခြင်းဖြစ်သည် ဟုယုံကြည်ပါကြောင်း၊
ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျ၍ ဘေးအန္တရာယ်ရင်ဆိုင် ကြုံတွေ့လွယ်သော ဒေသတစ်ခုဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိပြည်သူများ ဒုက္ခများစွာခံစားခဲ့ရကြောင်း၊ နိုင်ငံတော် အနေဖြင့် အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်မှစ၍ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်လျက် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာလရှည်ကြာဖြစ်ပွားခဲ့သော ပြဿနာများ ကို ဖြေရှင်းရန် ဒေါက်တာကိုဖီအာနန်ခေါင်းဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို အခြားဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် သြဂုတ်လ (၂၅)ရက်နေ့တွင် စတင်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်တွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီကို အလျင်အမြန် စတင်တုံ့ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုက္ခခံစား ရသောပြည်သူများ မျှတစွာခံစားရရှိစေရန် ကြက်ခြေနီလှုပ်ရှားမှုကိုလည်း စက်တင်ဘာလ ပထမပတ်တွင် စတင်ခဲ့ပါကြောင်း၊ ယခု အောက်တိုဘာလ (၁၂)ရက်နေ့တွင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီကို မြှင့်တင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နောက်အလားတူ ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးတို့ကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီနှင့် အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းကို ပြည်သူသို့ တင်ပြခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် တစ်နိုင်ငံလုံးရှိပြည်သူများ၏ အင်အားကို အလေးထားကြောင်း၊ ပြည်တွင်းပြည်ပရှိ ပြည်ထောင်စု၏ သားသမီးများ၊ ပြည်တွင်းရှိ ပုဂ္ဂလိက ကဏ္ဍ၊ လူမှုအဖွဲ့အစည်းများနှင့် မိမိတို့ နိုင်ငံအပေါ်ယုံကြည်မှုနှင့် စေတနာရှေ့ထားဆောင်ရွက်ကြမည့် မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများသည် မိသားစုတစ်ခုဖြစ်သည်ဟု ယူဆ၍ သွေးသားရင်းချာနိုင်ငံများကဲ့သို့ မည်သည့်အဖွဲ့ဝင် နိုင်ငံ၏ အခက်အခဲကိုမဆို တစ်သားတည်းရပ်တည်ကာ စုပေါင်းဖြေရှင်းကြမည်ဟု ယုံကြည့်ပါကြောင်း၊ ယခုကဲ့သို့ လာရောက်ကူညီထောက်ပံ့ခြင်းသည်လည်း ယင်းအချက်ကို သက်သေ ပြရာ ရောက်ကြောင်း၊ ယနေ့ကူညီထောက်ပံ့သော လူသားချင်းစာနာကူညီမှု ဆိုင်ရာ အကူအညီပစ္စည်းများ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၄)သိန်းကျော် တန်ဖိုးရှိကြောင်း၊ ယခုအထောက်အပံ့အစီအစဉ်တွင် ပါဝင်သော Japan ASEAN Integration Fund (JAIF) အတွက် ဂျပန်အစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဤ အကူအညီများကို ရခိုင်ပြည်နယ်ရှိ ဒုက္ခခံစားနေရသူများထံ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေသွားမည် ဖြစ်ကြောင်းနှင့် ဤအကူအညီထောက်ပံ့မှုသည် အာဆီယံမိသားစုဝင်နိုင်ငံအားလုံး၏ ညီညွတ်မှု နှင့် မိတ်ဆွေကောင်းပီသမှုပေါ်လွင်ပြီး အရေးပေါ်အခြေအနေတွင် အာဆီယံ၏ ONE ASEAN ONE RESPONSE စိတ်ဓာတ်ကိုဖေါ်ပြခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယနေ့အခမ်းအနားတွင် AHA Centre မှ လှူဒါန်းသော လူသားချင်းစာနာကူညီမှု အထောက်အပံ့ပစ္စည်းများမှာ မိသားစုသုံးရွက်ဖျင်တဲ (၅၈၀)လုံး၊ မိသားစုသုံးပစ္စည်းစုံ (၁၂၀၀)ဖာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းစုံ (၆၀၀၀)ဖာ၊ မီးဖိုချောင်သုံးပစ္စည်းစုံ (၁၂၀၀)ဖာ၊ မီးစက်(16KVA) (၂)လုံး၊ လျှပ်စစ်ဖြန့်ဖြူးရေးပစ္စည်းအစုံ (၁)စုံ၊ မီးစက် (၅KVA) (ဆက်စပ်ပစ္စည်း) (၂)လုံး တို့ဖြစ်ပြီး အခမ်းအနားသို့ စင်္ကာပူနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအိုနိုင်ငံနှင့်ဗြိတိန်နိုင်ငံများမှ သံအမတ်ကြီးများ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယမ်နမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များ (AHA Centre )မှ အမှုဆောင် ဒါရိုက်တာနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ကောင်းမြတ်ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အဖြစ် လှူဒါန်းငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊ Future Green ပရဟိတလူငယ်များအသင်းက လှူဒါန်းငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အဆိုပါရုံးခွဲသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယမန်နေ့ (၁၃-၁၀-၂၀၁၇)ရက်နေ့ကလည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့နေ ဦးဝင်းမြင့်+ဒေါ်ဌေးဌေးအေး သားသမီးမြေးမြစ်တစ်စု၏ ထောက်ပံ့ကူညီမှု ကျပ်ငွေ (၅)သိန်းကိုလည်း လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။