(၁၂-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုလုပ်ငန်းများ၊ ရခိုင် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှနားလည်မှုလွဲမှားကာ ဝေဖန်နေသည့်ကိစ္စများ၊ လိုအပ်သောလူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ ပြည်နယ်အစိုးရ၊ တပ်မတော်နှင့်ပြည်ထောင်စု အစိုးရတို့ပူးပေါင်း၍ ထောက်ပံ့ကူညီရေးလုပ်ငန်း များဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ Red Cross Movement (RCM)၏ ဒေသတွင်းသွားရောက်ကူညီနေသည့်လုပ်ငန်းများ၊ မြန်မာပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားနှင့်အတူ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားမည့်ကိစ္စများ၊ ကျေးရွာများပြန်လည်တည်ဆောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်အဆင့်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မကြာမီစတင်မည့်ကိစ္စများ၊ ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များအားအကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံမှ ပူးပေါင်း ပါဝင်ကူညီပေးမည့်ကိစ္စများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအတွက်နိုင်ငံတော်မှထိထိရောက်ရောက် ဆောင်ရွက်နေသောအကူအညီပေးရေးလုပ်ငန်းများ အားသိရှိပြီးဂျပန်နိုင်ငံအနေဖြင့် အပြည့်အဝနားလည်၍ မြန်မာနိုင်ငံအားဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ရခိုင်အရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအား နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့နှင့် အခြားလိုအပ်သောအကူအညီများပေးမည့်ကိစ္စရပ်များ
အားဆွေးနွေးခဲ့ကြပါသည်။