နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ အိမ်နီးချင်းငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာရာရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
စစ်တွေမြို့သို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၅ ရက်မှစ၍ တပ်မတော်မှ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရှိမှု၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးမည့်အခြေအနေ၊ နေရပ်စွန့်ခွာနေသူများအားသွားရောက်တွေ့ဆုံ၍ အားပေးနှစ်သိမ့်ကာ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သွားလာရေးတို့ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ နေသူများ အားဥပဒေနှင့်အညီသေချာစွာစနစ်တကျ စိစစ်၍ ပြန်လည်ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆောင်ရွက်မည့်အခြေအနေများစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေရပ်သို့စွန့်ခွာ ခြင်းမပြုဘဲမိမိတို့ကျေးရွာ၌ပင် ဆက်လက် နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာသို့ ရဟတ် ယာဉ်များဖြင့် ရောက်ရှိပြီးကျေးရွာသူကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေတို့က နိုင်ငံတော် အစိုးရကဒေသလုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် စားသောက် ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များကိုအတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့် စိစစ်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းများတွင် ရောက်ရှိ နေသူများအား ဥပဒေနှင့်အညီစနစ် တကျပြန်လည်ခေါ်ယူနိုင်ရေး နှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ကောင်းရှင်းလင်းပြောကြားကြပြီး မိမိတို့မူလနေထိုင်ရာရပ်ရွာ၌ပင် အေးချမ်းစွာဆက်လက် နေထိုင် လုပ်ကိုင် စားသောက်ကြရန် မှာကြားသည်။
ယင်းနောက် အဆိုပါကျေးရွာနေအစ္စလာမ်ဘာသာဝင်များက ၎င်းတို့၏ တွေ့ကြုံနေရသည့် အခက် အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများကလိုအပ်ချက်များအလိုက် ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာသံတမန်များကဒေသလုံခြုံရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများရရှိမှုအခြေအနေ၊ တစ်ဖက်နိုင်ငံသို့သွားရောက်ရန်ဆန္ဒ ရှိ၊ မရှိအခြေအနေများနှင့် သိလိုသည်များကို ပွင့်ပွင့် လင်းလင်းမေးမြန်းကြသည့်အပြင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကလည်း သိလိုသည်များကို တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ရန် မောင်တောမြို့နယ် လေယာဉ်ပျံကွင်းကျေးရွာအနီးရှိ လေယာဉ်ပျံ ကွင်းချောင်းဝ၌ စုဝေးရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင် ၁ဝဝဝ ခန့်နှင့်လည်းကောင်း၊ ဂေါ်ဒူသာရကျေးရွာအနီးရှိ နှစ်နိုင်ငံခြံစည်းရိုးအနီးတွင် စုဝေးရောက်ရှိနေသည့် အစ္စလာမ် ဘာသာဝင် ၇ဝဝ ကျော်ခန့်နှင့်လည်းကောင်း ပြည်ထောင်စု ဝန်ကြီးများနှင့် အဖွဲ့ကသွားရောက်တွေ့ဆုံသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် စုဝေးရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက စက်တင်ဘာ ၅ ရက်မှစတင်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်မှ ဆောင်ရွက်ခြင်းလုံးဝမရှိပါကြောင်း၊ သို့ရာတွင် တစ်ဖက်နိုင်ငံသို့ ယခုအချိန်ထိ သွားရောက်နေသော သတင်းများကြားသိရ၍ ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့ကျေးရွာ၊ မိမိတို့နေရာများတွင်ပင် ပြန်လည်နေထိုင်ကြစေလိုကြောင်း၊ လိုအပ်သည့်စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်သလို ဘေးကင်းလုံခြုံစိတ်အေး ချမ်းသာနေထိုင်နိုင်ရေးအတွက်လည်းတာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့နေထိုင်ရာကျေးရွာ နေရာများသို့ ပြန်လည်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးH. E. MohammandSufiur Rahman ကလည်းတစ်ဖက်နိုင်ငံသို့ မသွားစေလိုကြောင်း၊ မိမိတို့မူလနေထိုင်သည့် ကျေးရွာများ၌ပင် ပြန်လည်နေထိုင် ကြစေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိတို့ဘက်တွင် ရောက်ရှိနေသူများကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးရန် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံရှိဒုက္ခသည်စခန်းများသို့ ရောက်နှင့်ပြီးသူများ ပင်လျှင် နေရေးထိုင်ရေး၊ စားရေးသောက်ရေးအဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်၍ မိမိတို့ကျေးရွာနေရာ များသို့ ပြန်လည်နေထိုင်ကြစေလိုကြောင်းတိုက်တွန်းပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့မူလနေထိုင်ရာ ကျေးရွာ များတွင် အေးချမ်းစွာ ပြန်လည်နေထိုင်ပြီးလုပ်ကိုင်စားသောက်နိုင်စေရန် ဒေသလုံခြုံရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ အပြည့်အဝဖြည့်ဆည်း ထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်လည်း ကူညီ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့မူလနေထိုင်ရာကျေးရွာများ သို့ပြန်လိုပါက အဆင်ပြေ ချောမွေ့စွာပြန်နိုင်ရန် အားလုံးစီစဉ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတကာသံတမန်များကမူလကျေးရွာများ၌ ဆက်လက်မနေထိုင်လိုသည့် အကြောင်းအရင်း၊ တစ်ဖက်နိုင်ငံသို့ သွားရောက်လိုသည့် အကြောင်းအရင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိမှု ရှိ၊ မရှိ၊ ၄င်းတို့၏ သဘောထားများနှင့် သိလိုသည်များကိုပွင့်ပွင့်လင်းလင်းမေးမြန်းကြသည့်အပြင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများက လည်း သိလိုသည်များကိုတွေ့ဆုံမေးမြန်းသတင်းယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီးအစ္စလာမ်ဘာသာဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများကအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကျေးရွာအတွင်းပျက်စီးဆုံးရှုံးမှုအခြေအနေ များကိုမေးမြန်းပြီး ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အိမ်များရှိပါက နိုင်ငံတော်အစိုးရမှ ပြန်လည်တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကိုလည်း နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံတော်အစိုးရကဒေသလုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် စားနပ် ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် လိုအပ်ချက်များကိုအပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် မည်သည့်ဒေသကိုမျှ မပြောင်းရွှေ့ဘဲ မိမိတို့မူလနေထိုင်ရာကျေးရွာ၌ပင် နေထိုင်ကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ရောက်ရှိရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မဖြစ်ပွားမီအခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားနေစဉ်အခြေအနေနှင့် ဖြစ်စဉ်ဖြစ်ပွား ပြီးအခြေအနေများကိုမှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာဝင်များ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် လျက်ရှိသည့် ငါးခူရကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းနေထိုင်လျက်ရှိသည့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများက ဒေသလုံခြုံရေးအခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ရရှိမှုအခြေအနေများကိုမေးမြန်းပြီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူ့အဖွဲ့ အစည်းများ အကြားစိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဒေသလုံခြုံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများလိုအပ်ချက်များကို အပြည့်အဝထောက်ပံ့ ပေးလျက်ရှိပါကြောင်း။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်သည့် အိုးအိမ်၊ ရုံးအဆောက်အအုံ၊ လမ်းတံတားများကို လည်းပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးကတ် NVC လုပ်ငန်းစဉ် များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရွာလုံးကျွတ်မီးရှို့ခံရသည့် ခုံတိုင်ရွာသို့ ရောက်ရှိပြီး အဆိုပါကျေးရွာနေ မြိုတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများကကျေးရွာပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများရရှိမှုအခြေအနေတို့ကိုမေးမြန်းပြီးကျေးရွာရွှေ့ပြောင်းတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် လိုအပ်ချက်များ ကိုလည်းအပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ နိုင်ငံတကာသံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများသည် ရဟတ်ယာဉ်များဖြင့် စစ်တွေမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးH.E. Mr. Hong Liang၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးH.E. Mr. VikramMisri၊ မြန်မာနိုင်ငံ ဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးH.E. Mohammad Sufiur Rahman စသည့် အိမ်နီးချင်းငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများလိုက်ပါ၍ ရခိုင်ပြည်နယ် အတွင်းကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကစက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်းသည့် မူဝါဒပိုင်းဆိုင်ရာပြောကြားချက်တွင် တစ်ဖက် နိုင်ငံသို့ သွားရောက်နေသူများအား ၁၉၉၂-၁၉၉၃ ခုနှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ၏ သဘောတူညီချက် များအတိုင်း ပြန်လည်လက်ခံမည်ဟုပြောကြားထားပါကြောင်း၊ တစ်နည်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် အရေအတွက်မှာ သိန်းချီကာရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့ကြသူများကိုသာ စိစစ်လက်ခံသည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော်အနေဖြင့် ဆုံးဖြတ် ထားပါကြောင်း။
ယခုကိစ္စသည် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ကိစ္စမျိုး နှစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါအချိန်က နှစ်နိုင်ငံ အပြန် အလှန် နားလည်လေးစားမှုနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည့် သာဓကနှစ်ခုလည်းရှိပါကြောင်း၊ ယခုကိစ္စသည် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားအချင်းချင်းညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါ ကြောင်း။
ပြန်လည်ဝင်ရောက်လာသူများကိုစိစစ်လက်ခံရာ၌လည်းယခင် စနစ်တကျစီစဉ်ထားသည့် သဘောတူညီချက် များအတိုင်း ပြန်လည်လက်ခံရန် နိုင်ငံတော်ကဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော် အနေဖြင့် နယ်မြေရှင်းလင်းမှုများကိုစက်တင်ဘာ ၅ ရက်မှ စတင်၍ လုံးဝဆောင်ရွက်ခြင်းမရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံတကာ၌ နယ်မြေရှင်းလင်းရေးနှင့်ပတ်သက်ပြီးဆက်လက်ဆောင်ရွက်လျက် ရှိနေသည်ဟုမှားယွင်းစွာ ယူဆနေကြပါကြောင်း။
အခြေအနေမှန်ကိုသိရှိနိုင်ရန်ယနေ့တွင် အိမ်နီးချင်းငါးနိုင်ငံမှ သံတမန်များကိုဖိတ်ခေါ်ပြီး ယခုခရီးစဉ်ကို စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်းမိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များလည်း အတူတကွလိုက်ပါလာကြပါကြောင်း၊ အထက်တွင် ပြောကြားခဲ့သည့်အတိုင်းမိမိတို့ လက်တွေ့အကောင်အထည် ဖော်နိုင် ရန်အတွက် ယခုခရီးစဉ်ကိုစီစဉ်ရခြင်းလည်းဖြစ်ပါကြောင်း။
မိမိတို့နှင့် ရင်းနှီးသော နိုင်ငံတကာမိတ်ဆွေနိုင်ငံများကလည်းယခုကိစ္စတွင် ကာယကံရှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကအချင်းချင်းညှိနှိုင်းဆောင်ရွက်မည့်ကိစ္စရပ်အားတိုက်တွန်းအားပေးလျက်ရှိပါကြောင်း၊ အဆိုပါ တိုက်တွန်းချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုယနေ့ တွင် လက်တွေ့ပြသခြင်း ဖြစ်ပါကြောင်း။
ယခုခရီးစဉ်ကိုအချိန်တိုအတွင်းအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုလည်းကျေးဇူးတင်ပါကြောင်း၊ ထို့အတူမိမိတို့နှင့်အတူ လိုက်ပါလာသည့် သံအမတ်ကြီးများကိုလည်းကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။