
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၆) ရက်အထိကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအမှုဆောင်အဖွဲ့ အစည်းအဝေး၏ သဘာပတိအဖြစ် ကနေဒါနိုင်ငံ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် Ms. RosemaryMcCarney မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. FilippoGrandi မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုနောက်တက်ရောက်လာကြသော နိုင်ငံအသီးသီးမှသက်ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များမှ အထွေထွေမူဝါဒမိန့်ခွန်းများ ပြောကြားခြင်း၊ ဒုက္ခသည်များဆိုင်ရာကိစ္စရပ်များအား အတူတကွပူးပေါင်းအဖြေရှာခြင်းများပြုလုပ်ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေသောနိုင်ငံဖြစ်ပြီး အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများသည်လည်း ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ်၊ တိုင်းဒေသကြီးများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကာလတွင် ကမ္ဘာ့နိုင်ငံများမှ စိတ်ဝင်စားလျှက်ရှိသောရခိုင်ပြည်နယ် အခြေအနေကိုဆွေးနွေးလိုပါကြောင်း၊ ယခုအကြမ်းဖက်ဖြစ်စဉ်မဖြစ်ပွားမီကတည်းကပင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထို့အပြင် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်ဘာသာဝင်များကာလရှည်ကြာခဲ့သည့် ပဋိပက္ခများကိုလည်း အဖြေရှာဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဆိုပါကိစ္စရပ်များဆောင်ရွက်နေစဉ်အတွင်း (၂၅-၈-၂၀၁၇) ရက်နေ့တွင် (ARSA) အဖွဲ့မှအကြမ်းဖက်တိုက်ခိုင်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးစခန်း (၃၀) တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ များစွာသေဆုံးခြင်း၊ ဒဏ်ရာခြင်းများ ရှိခဲ့ပါကြောင်း၊ ဒေသတွင်းနေထိုင်လျှက်ရှိသည့် ဟိန္ဒူများ၊ အခြားလူဦရေနည်းပါးသော ရခိုင်တိုင်းရင်းသား လူနည်းစုများအသတ်ခံရခြင်း၊ မိမိတို့နေအိမ်မှ စွန့်ခွာထွက်ပြေးခဲ့ရခြင်းများ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှအဆိုပါ အကြမ်းဖက်ဖြစ်စဉ်အား နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားလျှက်ရှိသောပဋိပက္ခများသည် ကာလကြာမြင့်ခဲ့ပြီး အကြောင်းအရာပေါင်းစုံလည်း ပါဝင်ပတ်သက်နေပါကြောင်း၊ လူသားချင်းစာနာသော အထောက်အပံ့များပေးရာတွင် လုံခြုံမှုနှင့် လွတ်လပ်မှုကို ချိန်ဆထည့်သွင်းစဉ်းစးာရမည်ဖြစ်ပါကြောင်း၊ ထိရောက်သောအထောက်အပံ့များ မျှမျှတတပေးအပ်နိုင်ရေး၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် (၄-၉-၂၀၁၇)ရက်နေ့တွင်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံ၊ ယူကေနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သြစတြီးလျနှင့် အီးယူနိုင်ငံတို့မှ တာဝန်ခံများ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ IFRC/ICRC တို့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းနောက်လုံခြုံရေးဆိုင်ရာ အင်အားသုံးတိုက်ခိုက်မှုများကိုလည်း စက်တင်ဘာလ (၅) ရက်နေ့နောက်ပိုင်းမှစ၍ အဆုံးသတ်ပြီးဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့်ပတ်သတ်၍ အကြံပေးကော်မတီနှင့် စုံစမ်းရေးကော်မရှင်တို့မှ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရန်အတွက်လည်း ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ ပူးတွဲဥက္ကဌအဖြစ်လည်းကောင်း၊ အခြားဌာနဆိုင်ရာများမှ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ဖွဲ့စည်း၍ လုပ်ငန်းများစတင်အကောင်အထည်ဖေါ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ လူသားခြင်းစာနာမှုအကူအညီများပေးရာတွင် မည်သည့်ခွဲခြားမှုမှမရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသောဒုက္ခသည်များအား စနစ်တကျပြန်လည်လက်ခံရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၃ခုနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူညီခဲ့သော ဒုက္ခသည်များစိစစ်လက်ခံရေးမူဘောင်ကိုအခြေခံ၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မျှတသောပူးပေါင်းပါဝင်မှုများကို ကြိုဆိုပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေးတက်ရောက်နေစဉ်ကာလအတွင်း မစ္စတာကိုဖီအာနန်နှင့်လည်းကောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. FilippoGrandi နှင့် လည်းကောင်း၊ အမေရိကန်နိုင်ငံBurear of Population, Refugee and Migration မှ Mr. Simon Henshow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ UNHCR မှ ညွှန်ကြားရေးမှူး Mr. IndrikaRatwatte ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ICRC အဖွဲ့မှ ညွှန်ကြားရေးမှူး Mr.DominikStillhart ဦးဆောင်သည့် အဖွဲ့နှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များ၊ ထွက်ပြေးတိမ်းရှောင်သူများကို ပြန်လည်စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားမည့်ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် Red Cross Movement နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ Master Plan ရေးဆွဲချမှတ်ဆောင်ရွက်သည့်ကိစ္စများ၊ နိုင်ငံတကာစီးပွားရေးကုမ္ပဏီများအနေဖြင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖေါ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာရေးဆိုင်ရာဗဟိုအဖွဲ့(AHA Centre)နှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် ရှေ့ဆက်မည့်ပြည်သူ့အစိုးရအတွက် ပြစ်တင်ဝေဖန်မှုအစား အမှန်ကိုသိအောင်ကြည့်မြင်ကြရန်နှင့် မျှတမှုကိုအခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို လိုလားသည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ (၄) ရက်နေ့၊ နံနက် (၁၀း၃၀) တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများက နောက်ခံသမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကမ္ဘောဒီယား၊ Kyrgyzstan၊ သီရိလင်္ကာ၊ အာဖဂန်နစ်စတန်နိုင်ငံများတွင် ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် နေရပ်သို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက်ဆောင်ရွက်ချက်များ၊ အားနည်းချက်၊ အားသာချက်များနှင့် စိန်ခေါ်မှုများ စသည်တို့ကိုရှင်းလင်းတင်ပြခြင်းနှင့်လက်ရှိမြန်မာနိုင်ငံရခိုင်ပြည်နယ်အခြေအနေနှင့် ထိုင်းနိုင်ငံရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စရပ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ဝင်များက ပြန်လည်၍ သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံ ဦးဟောက်ခန့်ဆုမ်းနှင့် အတူကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမှ ဖိတ်ကြားသည့် နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့(ရှ်)၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အလွတ်သဘောအပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အောက်တိုဘာလ (၆) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်အစည်းအဝေးအတွက် ပြင်ဆင်ခြင်း (၆၈) ကြိမ်မြောက် ယခုကျင်းပ ပြုလုပ်ခဲ့သည့် အစည်းဝေးရလာဒ်များ၊ ဆုံးဖြတ်ချက်များ အတည်ပြုခြင်းနှင့် အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်းပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောကိစ္စရပ်များနှင့် ပတ်သက်၍ ခိုင်လုံသောအထောက်အထားအချက်အလက်များ၊ ဗီဒီယိုဖိုင်များကိုရှင်းလင်းခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။