၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

2 Pic 04 2 Pic 05 2 Pic 06 2 Pic 07 2 Pic 08 2 Pic 09

၁-၁၀-၂၀၁၇၊ နေပြည်တော်

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည်။           အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဘိုးဘွားတို့၏ လူမှုဘဝအား အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက် သေချာသော မျှော်မှန်းဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍ တစ်လလျှင် တစ်သောင်းကျပ်နှုန်း ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်နှင့် အထက်ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်ကစပြီး နိုင်ငံတော်ရန်ပုံငွေမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့ပါကြောင်း၊ဘိုးဘွားပေါင်း ၃၉၄၄၀ ဦးရရှိခံစားနေပြီဖြစ်ပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ထောက်ပံ့ပေးသည့် ဘိုးဘွား အသက်အားလျှော့ချပြီး ဘိုးဘွားဦးရေ ပိုမိုထောက်ပံ့သွားရန် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။                                                                                          မြန်မာနိုင်ငံသည် အခြားသောအရှေ့တောင်အာရှနိုင်ငံများနည်းတူ သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းသည် အလျင်အမြန်ပြောင်းလဲလျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းခြေလူဦးရေစာရင်းအရမိမိတို့နိုင်ငံ၏ စုစုပေါင်းလူဦးရေ ၅၃ သန်းခန့်အနက် ၄ ဒသမ ၉ သန်း (၉ ဒသမ ၂) ရာခိုင်နှုန်းသည် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်ကြပါကြောင်း၊ တစ်နည်းအားဖြင့် လူ ၁၁ ဦးတွင် ၁ ဦးသည် သက်ကြီးရွယ်အိုဘဝကို ရောက်ရှိနေကြပြီဟုဆိုနိုင်ပါ ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင်တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတိုးမြှင့်စောင့်ရှောက်နိုင်ရေးသည် အထူးလိုအပ်လျက်ရှိပါကြောင်း။                မြန်မာနိုင်ငံတွင် နိုင်ငံတကာသက်ကြီးရွယ်အိုစောင့်ရှောက်မှု နည်းစနစ်များထဲမှ စေတနာ့ ဝန်ထမ်း ဘိုးဘွားရိပ်သာများထူထောင်သည့်နည်းစနစ်ကို ၁၉၁၅ ခုနှစ်ကတည်းက စတင်ဆောင်ရွက် ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိအသိအမှတ်ပြုပြီးဘိုးဘွားရိပ်သာ ၈၂ ခုတွင် ဘိုးဘွားပေါင်း ၂၇၀၀ ကျော်ကိုလက်ခံစောင့်ရှောက်ပေးထားပြီး နိုင်ငံတော်အနေဖြင့် အဆိုပါ ဘိုးဘွားရိပ်သာများသို့ ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာတို့ကို ဘဏ္ဍာရေးနှစ် အလိုက် ခေတ်ကာလနှင့်အညီတိုးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း။                 သက်ကြီးရွယ်အိုများအတွက် ရိပ်သာအခြေပြု စောင့်ရှောက်ရေးလုပ်ငန်းနှင့် လုံလောက်မှု မရှိသည့်အတွက် ရပ်ရွာအခြေပြုသက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အိမ်တိုင် ရာရောက်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစပြီး အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်း၍ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ ကို တိုင်းဒေသကြီး၊ ပြည်နယ် ၅ ခုရှိကျေးရွာပေါင်း ၁၂၅ ရွာတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊     သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကိုအခြားသောလူမှုရေးအဖွဲ့အစည်းများလိုက်ပါလုပ်ဆောင်နိုင်ရန် စံနမူနာတစ်ခုအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီးစောင့်ရှောက်မှု နည်းလမ်းသစ်တစ်ခုကိုမိတ်ဆက်ဆောင်ရွက်ခဲ့ပါကြောင်း။            သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူသင်တန်းကိုလည်းရန်ကုန်မြို့ သက်ကြီး ရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် သင်တန်းအမှတ်စဉ် ၅အထိဖွင့်လှစ်ခဲ့ပြီး လူငယ်များ အလုပ်အကိုင်ရရှိရေးကိုပါ win win approach အနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အတွက် ကုလသမဂ္ဂကချမှတ်ပေးထားသည့် ဦးတည် ချက်ဆောင်ပုဒ်မှာ “သက်ကြီးသူတို့ စွမ်းဆောင်အား၊ ရပ်ရွာအတွင်းအလေးထား၊ အနာဂတ်အတွက် ခြေလှမ်းများ” ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ခွဲခြားဆက်ဆံမှု ကင်းဝေးပြီး ဘေးကင်း လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်းရရှိအောင် ဖန်တီးဆောင်ရွက်ပေးကြရန်နှင့် ပိုမိုသာယာ လှပသော လူမှုပတ်ဝန်းကျင်ဖြစ်စေရန် ဘိုးဘွားများ၏ စွမ်းဆောင်ရည်များကိုမြှင့်တင်ကာ လူမှု ပတ်ဝန်းကျင်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးလက်ကမ်းကြိုဆိုကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။                                                                       ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သည့် သဝဏ်လွှာကို UNFPA ဌာနေကိုယ်စားလှယ် မစ္စ ဂျဲနက်ဂျက်ဆင်ကဖတ်ကြားသည်။               ယင်းနောက်ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုး တစ်ဦးနှင့် အဘွားတစ်ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၂၀ ကိုပေးအပ်ရာ အဘိုးအဘွားများ ကိုယ်စား အဘိုးဦးအေးသိန်းကလက်ခံသည်။                                                          ထို့နောက် သက်ကြီးသူချင်းကူညီစောင့်ရှောက်မှုအဖွဲ့မှ အဖွဲ့ဝင် အဘွားဒေါ်နော်မော်ထူးက ရပ်ရွာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။                   ယင်းနောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်သော အဘိုးအဘွားများအတွက် ဆေးဝါးပစ္စည်းနှင့် အလှူငွေများပေးအပ်ကြသည်။ (သတင်းစဉ်)

Sign Up

Upcoming Events