နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေးအတွက် ပဲနို့စက် (၁၁) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ (၁)လစာ ကုန်ကြမ်းပစ္စည်းများကို ရွှေပါရမီပဲနို့ အာဟာရဖောင်ဒေးရှင်း ဥက္ကဌက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ပဲနို့စက်များ အသုံးပြုပုံ နည်းပညာနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သင်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ဖောင်ဒေးရှင်းရုံးခွဲများ၌ သင်တန်းများပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပဲနို့အာဟာရတိုက်ကျွေးခြင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် (၁) ပတ်လျှင် (၁)ကြိမ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသထွက် ပဲပုတ်ကိုဝယ်ယူကာ ဘုန်းတော်ကြီးသင်ကျောင်းများ၊ မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများတွင် (၁)ပတ်လျှင် (၃)ကြိမ် တိုက်ကျွေးလျက်ရှိရာ အာဟာရပြည့်ဝရေးကို အထောက်အကူပြုသည့်အပြင် ဒေသခံများသည် ပဲပုတ်ပဲကို ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ၄င်းဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖော်ဆောင်ပေးနိုင်လျက် ရှိပါသည်။
အဆိုပါ ပဲနို့အာဟာရတိုက်ကျွေးခြင်းသည် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများနှင့်လည်း ကိုက်ညီသည့်အပြင် ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ် (၈)ရပ်ပါ လုပ်ငန်း (၁)ရပ်ဖြစ်သည့် ကျောင်းတွင်းအာဟာရတိုက်ကျွေးခြင်း၏ အစပျိုးလုပ်ငန်းစဉ် (၁)ရပ်လည်းဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ပဲနို့အာဟာရ တိုက်ကျွေးခြင်းနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းတစ်ရပ်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။