လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးအား ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Ms. Victoria Kwakwa ကလာရောက် တွေ့ဆုံမှုသတင်း

 

၂၉-၉-၂၀၁၇၊ နေပြည်တော်

ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Ms. Victoria Kwakwa ဦးဆောင်သောအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှ မွေးဖွားသော ကလေး (၂) နှစ်အရွယ်ထိ အာဟာရ ဖြည့်တင်းရေးအစီအစဉ်များတွင် ကမ္ဘာ့ဘဏ်ကပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုမှုအခြေအနေများ၊ ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့် (၅) နှစ်မှစတင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ပြီး ယခုအခါ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် ဌာနေကိုယ်စားလှယ်ခန့်ထား ဆောင်ရွက်မှုအခြေအနေ များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှအထူး စိတ်ဝင်စား စောင့်ကြည့်လျက်ရှိသည့် အခြေအနေများ၊ မြန်မာအစိုးရအနေဖြင့် ဖိအား များအောက်တွင် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာကူညီမှုပေးရေးနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးတို့အတွက် ဆောင်ရွက်နေသည်ဖြစ်ရာ ကမ္ဘာ့ဘဏ်မှ ငွေကြေးနှင့် နည်းပညာအကူအညီများ ကူညီထောက်ပံ့ရန် ဆန္ဒရှိမှုအခြေအနေများ ဆွေးနွေးခဲ့ပြီး မြန်မာအစိုးရမှဆောင်ရွက်မည့်အစီအစဉ်များ သိလိုပါကြောင်း ကမ္ဘာ့ ဘဏ်က ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ အစိုးရသစ်တာဝန်ယူပြီးသည် မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ရပ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်နေမှု၊ မစ္စတာကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီဖွဲ့စည်းပြီး နောက် ၂၀၁၆ခုနှစ်၊အောက်တိုဘာ၉ရက်တွင် နယ်ခြားစောင့်ရဲစခန်းများတိုက်ခိုက်ခံရမှု၊ ဒုတိယသမ္မတဦးဆောင်သည့် မောင်တောစုံစမ်း စစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာတင်ပြမှု၊ မစ္စတာကိုဖီအာနန်ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာလက်ခံရရှိပြီး သြဂုတ်လ(၂၅)ရက်တွင် ပိုမိုပြင်းထန်သော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာမှု၊ ယင်းနောက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရန် နိုင်ငံတော်အစိုးရနှင့်  စေတနာရှင်ပြည်သူများ၏ ထောက်ပံ့မှုများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒုက္ခခံစားရသူအားလုံးကို လွှမ်းခြုံနိုင်ရန် နိုင်ငံတကာမှ ထောက်ပံ့မှုများကို ကြက်ခြေနီလှုပ်ရှားမှု (Red CrossMovement) ဖြင့် ဖြန့်ဝေကူညီဆောင်ရွက်နေမှုများ၊ စက်တင်ဘာလ (၁၂) ရက်နေ့ တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖေါ်ရေးကော်မတီ ဖွဲ့စည်းပြီး ယခုအချိန်ထိ ညှိနှိုင်းအစည်းအဝေး (၃) ကြိမ်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁) ကြိမ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် လက်တွေ့တွင်အကျိုးရှိနိုင်မည့် ဦးစားပေးဆောင်ရွက်ရန်ကိစ္စများ ဖေါ်ထုတ်ပြီး မဟာဗျူဟာစီမံချက်ရေးဆွဲ၍ အကြံပြုချက်များ အကောင်အထည်ဖေါ်နိုင်ရန် ဆောင်ရွက်မှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ များအား ၁၉၉၃ခုနှစ်၊ မြန်မာ – ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ခေါ်ယူရေး၊ လက်ရှိရပ်ရွာများ လုံခြုံတည်ငြိမ်စေရေးနှင့် လူသားချင်းစာနာကူညီမှုနှင့် ပြန်လည်နေရာ ချထားရေးတို့အတွက် မြန်မာအစိုးရမှစနစ်တကျ စီမံချက်ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေး ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။

 

Sign Up

Upcoming Events