လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်သံအမတ်ကြီး၊ WFP နှင့် World Bank တို့မှ သီးခြားစီလာ ရောက်တွေ့ဆုံမှုသတင်း

၂၇-၉-၂၀၁၇၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် (၂၇-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းက လာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင်ဆောင်ရွက်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများ ဆောင်ရွက်နေမှုအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အကောင် အထည်ဖေါ် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ National Varification Process နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ နေရပ်ပြန်လာသောသူများအတွက် ပြန်လည်နေရာချထားရေးကိစ္စရပ်များအား သိလိုပါကြောင်း၊ ဒေသတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား မူလနေရာများတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများအားသိရှိပြီး လိုအပ်သော အကူအညီ များပေးလိုပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအား အကာအကွယ်နှင့် လုံခြုံရေးပေးမည့် ကိစ္စများ ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတကာမှ ရခိုင်ပြည်နယ်ကိစ္စအပေါ် အာရုံစိုက်နေကြကြောင်း၊ ထို့အတူ သတင်းအချက်အလက်အမှားများအပေါ်အခြေခံ၍ ဝေဖန်မှုများရှိသကဲ့သို့ သတင်းအစစ်အမှန် များအား ရရှိရန် ဝေဖန်သုံးသပ်သူများရှိသောကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို သိရှိပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ လိုအပ်သော အကူအညီများပေးအပ်လိုပါကြောင်း၊ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အလျင်အမြန် အကောင် အထည်ဖေါ်နေမှုအား သိရှိဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားရာဒေသသို့ သတင်းမီဒီယာနှင့် နိုင်ငံတကာသံတမန်များ ဝင်ရောက်သွားလာ လေ့လာခွင့်နှင့်ပတ်သက်၍ ဆွေးနွေး လိုပါကြောင်း၊ လက်ရှိ ကျန်ရှိနေသော ကျေးရွာများနှင့်ပြည်သူများအား အကာအကွယ်ပေး၍ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ တိုးမြှင့်စေလိုပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီလိုပါကြောင်း၊ အတူတကွ လုပ်ဆောင် လိုပါကြောင်း၊ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM)၏ လူသားချင်းကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား သိရှိပါကြောင်း၊ UN/ INGOs အဖွဲ့ အစည်းများမှလည်း ကူညီပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ASEAN နိုင်ငံများမှ အကူအညီများပေးနေမှုအား သိရှိဝမ်းမြောက်ပါကြောင်း၊ အကူအညီများ ပိုမိုထိရောက်စွာ ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ထိရောက်စွာဆောင်ရွက်နေပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား ဦးစားပေး အစီအစဉ်များရွေးချယ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီမှ ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ပြီး အကောင်အထည်ဖော်ရေး အစီအမံများ ချမှတ်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဦးစားပေးလုပ်ငန်းအစီအစဉ်များဆွဲ၍ အကောင်အထည်ဖေါ်နေမှုအား အများပြည်သူ သိရှိစေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော နည်းလမ်းများဖြင့် အဖြေရှာဆောင်ရွက်နေပါကြောင်း၊ နေရပ်သို့ ပြန်လာသူများ အတွက ်National Verification Process ဖြင့်စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁၉၉၃ခုနှစ် မြန်မာ – ဘင်္ဂလားဒေ့ရှ် (၂) နိုင်ငံသဘောတူညီချက်အရ နေရပ်ပြန်လာသူများကိစ္စအား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓါတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဦးစားပေး ထောက်ပံ့အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း၊ လူမှု/စီးပွားဖ့ွံဖြိုး တိုးတက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ၏စာရင်းအား သက်ဆိုင်ရာ နိုင်ငံနှင့်အဖွဲ့အစည်းများအား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန် ပေးမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဖြစ်ရပ်တစ်ခုလုံးအားခြုံငုံသုံးသပ်၍ ဦးစားပေးအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖေါ်သွားမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ အသက် အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေပါကြောင်း၊ သတင်းအမှန်များ ရရှိပြန့်ပွားစေရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ Country Director and Representative/ Deputy Humanitarian Coordinator ဖြစ်သူ Mr. Dom Scalpelli က လာရောက်တွေ့ဆုံရာတွင် ရခိုင် ဒေသတွင် WFP၏လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရာတွင် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကဆောင်ရွက်နေသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လူသားချင်းစာနာကူညီမှု ဆိုင်ရာလုပ်ငန်းများအား Red Cross Movementနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေသွားမည် ဖြစ်ပါကြောင်း၊ ASEANနိုင်ငံများအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအား သိမြင်ဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်နေကြောင်း၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းများအား လိုအပ်သောနေရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ် Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Mr. Ellen Goldstein ကလာရောက်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင်ဆောင်ရွက်နေသော လုပ်ငန်းများအား သိရှိဝမ်းမြောက်ပါကြောင်း၊ လူသားချင်းစာနာကူညီထောက်ပံ့မှုများအား ဝန်ကြီးဌာနကဦးဆောင်၍ အကောင်အထည်ဖေါ်နေမှုအား သိရှိပါကြောင်း၊ အာဟာရဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏သဘောထားမှတ်ချက်အား သိရှိလိုပါကြောင်း၊ ကလေးသူငယ်နှင့် မိခင်များဆိုင်ရာအာဟာရပြည့်စုံမှုသည် အရေးကြီးပါကြောင်း၊ အာဟာရဆိုင်ရာကိစ္စရပ်များ အကောင် အထည်ဖေါ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုအားခံယူပါကြောင်း၊ ကလေးသူငယ်နှင့် မိခင်များဆိုင်ရာဖွံ့ဖြိုးမှုရည်မှန်းချက်များ အောင်မြင်နိုင်ရန်၊ အာဟာရနှင့် တကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများအောင်မြင်ရန်၊ စီမံကိန်းဒေသ ရွေးချယ်မှုနှင့် ဦးစားပေးဒေသများဆုံးဖြတ်ရာတွင် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုခံယူပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ အကြံပေးကော်မရှင်၏အကြံပြုချက်များအား အကောင်အထည်ဖေါ် ရာတွင် လိုအပ်သောအကူအညီများပေးလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအား နားလည်လက်ခံ၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းများအထူးသဖြင့် အာဟာရစီမံကိန်းများအတွက် World Bank အား ကျေးဇူးတင်ပါကြောင်း၊ အစိုးရသည် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများ နှင့်ညီသော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်သော လူမှုအသိုင်းအဝိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ကြိုးစားဖြည့်ဆည်းပေးနေပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အသက်အရွယ်အပိုင်း အခြားအလိုက် ချဉ်းကပ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသော နာဂဒေသ၊ ချင်းနှင့် ရခိုင်ဒေသများတွင် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်အဆင့်အလုပ်ရုံဆွေးနွေးပွဲများကျင်းပ၍ စီမံကိန်းများချမှတ်မည်ဖြစ်ပါကြောင်း၊World Bank ၏ အာဟာရဆိုင်ရာစီမံကိန်းစီမံကိန်းအား အသေးစိတ်သိလိုပါကြောင်း၊ အာဟာရဆိုင်ရာ လုပ်ငန်းများသည် နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမဟာဗျူဟာတွင် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ပညာရေး၊ အာဟာရ၊ တကိုယ်ရည်သန့်ရှင်းမှုနှင့် မိသားစု ဆိုင်ရာစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအကြမ်းဖက်ခံရမှုကိစ္စများကို ရှင်းလင်း ဆွေးနွေးပြီး၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးလျက်ရှိပါကြောင်း၊ တိမ်းရှောင်သူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events