နေပြည်တော် ၊ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို (၂၇-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခဲ့ရာ တွေ့ရှိရသည့် အခြေအနေများအပေါ်မူတည်၍ ရေတိုရေရှည် အကောင်အထည်ဖော်ရမည့်ကိစ္စများ၊ ချက်ချင်းဆောင်ရွက်ပေးရမည့်ကိစ္စများကို သတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများရွေးချယ်ကာ ထိုဦးစားပေးလုပ်ငန်းများထဲမှ ချက်ချင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများသည် ရေရှည်အကျိုးရှိမည့် လုပ်ငန်းများဖြစ်ရန်နှင့် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဦးတည်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကော်မတီ၏ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရေး၊ ပိုင်ရှင်မဲ့တိရစ္ဆာန်များထိန်းသိမ်းရေး၊ မီးလောင်ပျက်စီးသည့်နေရာများကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ရမည့်အခြေအနေများကိုလည်း ပြည်နယ်တွင်ဆွေးနွေးထားကြောင်း၊ မိမိတို့ အကောင် အထည်ဖော်ဆောင်ရွက်မှုများသည်ဥပဒေနှင့် ညီညွတ်ရန်လိုကြောင်း၊ ဥပဒေနှင့်အညီ ပြည်နယ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆောင်ရွက်ထားကြောင်း၊ လက်တလောဆောင်ရွက်ရမည့်လုပ်ငန်းများ အရေးကြီးသကဲ့သို့ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများသည် အနာဂါတ်အတွက် အရေးကြီးလုပ်ငန်းများဖြစ်သဖြင့် နက်နက်နဲနဲစဉ်းစား ဆုံးဖြတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန်လိုကြောင်းဆွေးနွေးပါ သည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိမိတို့ ဆောင်ရွက်သည့်လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒတစ်ရပ်လိုအပ်မည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ပေးရေး၊ နယ်စပ်လမ်းများ ကွန်ကရစ် လမ်းခင်းနိုင်ရေးဆောင်ရွက်မှုအခြေအနေကို ဆွေးနွေးပါသည်။ ထို့နောက်ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေးစီမံထားရှိမှု၊ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင် သွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်လက်ခံရေးအဖွဲ့ ဖွဲ့စည်းရေး၊ NV Card ထုတ်ပေးရေးဆောင်ရွက်ထားရှိမှု၊ သတင်းထုတ်ပြန်မှု လျင်မြန်သွက်လက်စေရေး၊ မြေယာ ပိုင်ဆိုင်မှုများစိစစ်ရေး၊ တယ်လီဖုန်းလိုင်းများကောင်းမွန်ရေး၊ စုရပ်များရှိကျောင်းသား၊ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး စသည့် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။