လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် Red Cross Movement ၏ အကောင်အထည်ဖော်မှုများ စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း

27 Pic 04ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်သူအားလုံးကို Red Cross Movement ဖြင့် ကူညီထောက်ပံ့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ည (၇:၀၀) နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ Red Cross Movement တွင် ပါဝင်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)၊ ICRC နှင့် IFRC တို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် Red Cross Movement ၏ လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်သော Standard Operation Procedure (SOP) မူကြမ်းကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမ၌ ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စနစ်ကျသော စီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃) အခန်း(၁) အပိုဒ်၂ (ခ)အရ ဘေးအန္တရာယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပါဝင်သဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းများကို အဆိုပါ ဥပဒေနှင့် စီမံခန့်ခွဲမှု နည်းဥပဒေ (၂၀၁၅)အရ ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
သဘာဝဘေးအန္တရာယ််ဆိုင်ရာစီမံခန့်ခွဲမှု နည်းဥပဒေ (၂၀၁၅) အခန်း(၉)အရ ဘေးအန္တရာယ်ကျရောက်ပြီးအဆင့်တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source : MSWRR

Sign Up

Upcoming Events