အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများကူညီ

22 Pic 05 22 Pic 06 22 Pic 07

ရန်ကုန် စက်တာင်ဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အစားအသောက်၊ လူသုံးကုန် ပစ္စည်းနှင့် ဆေးဝါးများတင်ဆောင်လာသော တပ်မတော်ပစ္စည်းသယ်လေယာဉ်နှစ်စင်းသည်  ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးH.E. Dr Sumardiက လွှွဲပြောင်း ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လက်ခံသည်။

ထိုသို့ကူညီမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး H.E. Dr Sumardi က “အင်ဒိုနီးရှားအစိုးရနှင့်ပြည်သူတွေဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးဖို့ သဘောတူပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့လည်း အခုလိုအကူအညီပေးတဲ့အခါမှာ အကုန်လုံး ပါဝင်နိုင်အောင်လုပ်ဆောင်နေပါတယ်။ တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီကို မြန်မြန်ဆန်ဆန် ရောက်သွား မယ်လို့လဲယုံကြည်ပါတယ်။ နောက်ပိုင်းမှာလည်း ဆက်လက်ကူညီပေးသွားဖို့ရှိပါတယ်။ အခုလို လုပ်ဆောင်ပေးခြင်းအားဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံစိတ်ဓာတ်မျိုးရှိတယ်ဆိုတာကို ပြနိုင်ခဲ့ သလို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ သဘောထားကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ရခိုင်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကိုလည်း အမြန်ဆုံး ရပ်တန့်သွားစေချင်ပါတယ်” ဟု ပြောသည်။

ယနေ့ရောက်ရှိလာသောပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၂၈၆၀၄၉ တန်ဖိုးရှိ လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ ယာယီမိုးကာတဲတို့ပါဝင်ပြီး အဆိုပါပစ္စည်းများကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနအနဖြင့် ရခိုင်ပြည်နယ်သို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ အခက်အခဲကြုံတွေ့နေသည့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်ပေး ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

“ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ဒေသခံတွေ ဒုက္ခရောက်နေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံက လူသားချင်း စာနာမှုအကူအညီပေးတာပါ။ ဒီကနေ့ရောက်ရှိလာတဲ့ ပစ္စည်းတွေထဲမှာဆိုရင် ဆေးဝါးတွေနဲ့ အရန်သင့် စားသောက်နိုင်တဲ့ အစားအသောက်အတွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် အာဟာရတွေပါပါတယ်။ ဒီပစ္စည်းတွေကို ကျွန်တော်တို့အနေနဲ့ ချက်ချင်းပဲ ရခိုင်ပြည်နယ်ကို ပို့သွားမှာပါ။ အဲဒီကိုရောက်ရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ပြီး တကယ်လိုအပ်နေတဲ့ ပြည်သူ တွေဆီကို ရောက်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပေးသွားနိုင်ရန် ထိုကဲ့သို့ တပ်မတော်ပစ္စည်းသယ်လေယာဉ် ခြောက်စင်းစာ အစားအသောက်၊ ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများကို စီစဉ်ထားကြောင်းသိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများအနေဖြင့် တရုတ်နိုင်ငံမှ ငွေကြေးလှူဒါန်းမှုများ ရှိသကဲ့ သို့ ပြည်ပနိုင်ငံအချို့ကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်းသိရသည်။

 

 

 

Sign Up

Upcoming Events