၂၁.၉.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice-Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ တွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် H.E. Mr. Iwao HORLLက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှ ကူညီရန်မူဝါဒမှာ မပြောင်းမလဲရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို အခက် အခဲများစွာကြားမှ ဖြေရှင်းဆောင်ရွက်နေရတာကိုသိရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုအပေါ် ဂျပန်နိုင်ငံကပြင်းထန်စွာရှုံ့ချပါကြောင်း၊ ယခုအခါ ဒုက္ခသည် ၄၀၀၀၀၀ ခန့် ထွက်ပြေးနေရသည်ဟူသော သတင်းများအပေါ် စိုးရိမ်မကင်းဖြစ်မိပါကြောင်းနှင့် ယင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီအစိုးရသစ်သက်တမ်း ၁၈ လသာရှိသေးပြီး ဒီမိုကရေစီ ပြန့်ပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်နေပါကြောင်းပြောကြားပါသည်။ အစိုးရ သစ်အနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီ (၄) ရပ်ဖွဲ့စည်း၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီဖွဲ့ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရဲစခန်းများ တိုက်ခိုက်ခံရမှု၊ ယင်းအတွက်နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စွပ်စွဲမှုများရှိလာ၍ ဒုတိယ သမ္မတဦးဆောင်သော မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းဆောင်ရွက်မှု၊ အဆိုပါ ကော်မရှင် (၂) ရပ်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် မိမိအား ဥက္ကဌတာဝန်ပေးအပ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဖွဲ့စည်းမှှု၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တင်သွင်းပြီးနောက် ရခိုင်မြောက်ပိုင်း တွင် ရဲကင်းစခန်း (၃၀) အား အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အကြမ်းဖက်သမားများက လူနည်းစုတိုင်းရင်း သားများဖြစ်သည့် မြိုလူမျိုးများ၊ ရခိုင်လူမျိုးများ၊ ဟိန္ဒူဘာသာဝင်တို့နှင့် ၎င်းတို့၏ သြဇာမခံသော မူဆလင်ခေါင်းဆောင်များအား သတ်ဖြတ်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ မူရင်းတာဝန်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် အထူးတာဝန် အဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးတာဝန်ပေးအပ်မှု၊ လူသား ချင်းစာနာမှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အသွင်ဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ထားမှု၊ ပြန်လည်ထူထောင်ရေးအတွက် မြေပြင်လေ့လာဆန်း စစ်မှုများပြုလုပ်နေပြီး မကြာခင် အကောင်အထည်ဖော်မည့် အခြေအနေများ၊ မြေပြင်လူဦးရေ စာရင်းဇယားအရ ၄၄% ထွက်ပြေးပြီး ၅၆% ကျန်ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ ၇ သိန်းအနက် မှ ၄၄% ထွက်ပြေးခြင်းဖြစ်ရာ ၄၀၀,၀၀၀ ကျော်မရှိနိုင်ပါကြောင်း၊ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် – မြန်မာ သဘောတူညီချက်ပါမူများအရ ပြန်လည်လက်ခံမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ပြီး ချက်ချင်းအကျိုးရှိမည့်လုပ်ငန်းများပါသလို ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ လည်း ရှိပါ ကြောင်း၊အစီရင်ခံစာပါ အခြေအနေနှင့်ယခုလက်ရှိအခြေအနေမတူကွဲပြားသွားတာမျိုးလည်း ရှိပါ ကြောင်း၊ လက်ရှိအခြေအနေကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတွင်ပါဝင်သည့်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက မြေပြင်ကွင်းဆင်း လေ့လာ ပြီးဖြစ်ကြောင်း၊ ၎င်းတို့သုံးသပ်ချက်များကို အခြေခံ၍ ပြည်သူကိုလက်ငင်း အကျိုးပြုနိုင်မည့် အကြံပြု ချက်များကို ဦးစားပေးကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဆွေးနွေး ပါသည်။
ဂျပန်နိုင်ငံဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း နယူးယောက်ကုလသမဂ္ဂအစည်းအဝေးတွင် ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ အင်မတန်ပြင်းထန်သည်ဟုသိရပါကြောင်း၊ ဂျပန် နိုင်ငံသည် မြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံအဖြစ် မိတ်ဆွေအခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ (၁)သန်း ကူညီရန်ရှိပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ရောက်သွားသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း တွင်လည်း ကူညီရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည် ဖေါ်နိုင်ရေးလုပ်ငန်းစဉ်တွင်လည်း ကူညီမည်ဖြစ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းစဉ်များနှင့် လိုအပ်သည့် အကူအညီများကို သိရှိလိုပါကြောင်း ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ရေး လုပ်ငန်းတွင် လုံခြုံရေးက အရေးကြီးသဖြင့် နယ်စပ်ခြံစည်းရိုး ကာရံရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လျှပ်စစ်မီးအသုံးပြုနိုင်စေရန် လမ်းနှင့် လျှပ်စစ်ကောင်းပါက လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ်စက်ရုံထူထောင်ရေးနှင့် မူရင်းရှိပြီးသား စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖေါ်ရန်ဖြစ်ပါကြောင်း၊ ယခုလိုခက်ခဲသည့် အခြေ အနေတွင် နိုင်ငံတကာမှ မှန်ကန်စွာရပ်တည်မှုသည် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဘေး အန္တရာယ်ကျရောက်လွယ်သောဒေသဖြစ်၍ ဘေးဒဏ်ခုခံနိုင်ရေးလိုအပ်ပြီး ပြန်လည်ထူထောင်ရေးတွင် နည်းပညာ၊ ငွေကြေးများလိုအပ်ပါကြောင်းနှင့် ယခုလိုအကျပ်အတည်းဖြစ်ချိန်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးပါသော ဂျပန်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိပါကြောင်းဖြင့်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။
ဆက်လက်၍ Christian Aid အဖွဲ့ကို လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ခေတ္တနေရပ်စွန့်ခွာလာသော ဒေသခံတိုင်းရင်းသားများအား စိတ်၊ လူမှုရေးဆိုင်ရာပံ့ပိုးမှုပေးနိုင်ရန် အဖွဲ့(၃)ဖွဲ့ခွဲ၍ လူမှုရေးဆိုင်ရာ အခြေခံစစ်တမ်းကောက်ယူနိုင်ရေးအတွက် သတင်းအချက်အလက်များ ကောက်ယူစုစည်းလျက်ရှိပြီး လိုအပ်သောစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့် စေတနာရှင်များက ပေးပို့လှူဒါန်းလာသည့် အလှူငွေနှင့်အလှူပစ္စည်းများကို လိုအပ်သောကူညီ ထောက်ပံ့ မှုများတွင် စနစ်တကျထိရောက်စွာ အသုံးပြုလျက်ရှိပါကြောင်းနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင် ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။