ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များနှင့်အတူ မောင်တောဒေသ ဘက်ပေါင်းစုံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် စက်တင်ဘာ ၁၉ ရက် နံနက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ကြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းဝင်းစုရပ်၌ နေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြ သည်။
ဆက်လက်ပြီး ကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အကြမ်းဖက်မှုတွင် ပါ၀င်ခဲ့သော အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးနေမှုကို သွားရောက်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မောင်တောဒေသတောင်ပိုင်းရှိ ရွှေဗဟိုလ်ကျေးရွာနှင့် မောရဝတီကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံကာ ကော်မတီအဖွဲ့ဝင်များ လာရောက်ရခြင်း ရည်ရွယ်ချက်များနှင့် မောင်တောဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားကြပြီး ပြည်သူများအနေဖြင့်လည်း ပြန််လည် ဆွေးနွေး အကြံပြုစေလိုကြောင်း၊ လတ်တလော ကျေးရွာသူ၊ ကျေးရွာသားများ ကြုံတွေ့နေရသော အခက်အခဲများကိုလည်း တင်ပြစေလိုကြောင်း၊ ပြည်သူများ၏ အခက်အခဲများကို သိရှိမှသာ ကော်မတီအနေဖြင့် အကောင်းဆုံးပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ကော်မတီ ပူးတွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးကာ စားနပ်ရိက္ခာများ ကူညီထောက်ပ့ံပေးသည်။
ယင်းနောက် ရွှေဗဟိုလ်ကျေးရွာနှင့် မောရဝတီကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာရှိ ကလေးငယ်များနှင့် အမျိုးသမီးများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်ကာ အခြားဒေသများသို့ သွားရောက် ခိုလုံလျက်ရှိကြောင်း၊ အမျိုးသားအများစုမှာ ကျေးရွာလုံခြံုရေးအတွက် ကျန်ရစ်ခဲ့ပါကြောင်း၊ မိမိတို့ ကျေးရွာ အတွက် လယ်ယာလုပ်ပိုင်ခွင့် အခွင့်အလမ်း ဖန်တီးပေးစေလိုကြောင်း၊ ကျေးရွာ၌ စာသင်ကျောင်းများ အကောင်အထည်ဖော် တည်ဆောက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသခံတိုင်းရင်းသားများအနေဖြင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုသဖြင့် လုံခြံုမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်မှစီမံဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည်ဆွေးနွေးတင်ပြကြသည်။ ညနေပိုင်းတွင်ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ဝင်များသည် မောင်တောဒေသမြောက်ပိုင်း ကျီးကန်းပြင်အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်စခန်းသို့ ရောက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။