ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC)  မှ Ms. Renata Dessallien ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံ

20 Pic 02

၁၉-၉-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallien ဦးဆောင်သောအဖွဲ့နှင့်အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက်တွေ့ ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် Ms. Renata Dessallien က နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်မှု များအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊ လတ်တလောစားဝတ်နေရေး ထောက်ပံ့မှုများအပြင် ရေရှည် အတွက် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ထူထောင်ရေးများဆောင်ရွက် နိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် လိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အဖွဲ့ အစည်းအလိုက် သတ်မှတ်တာဝန်များရှိသဖြင့် ယင်းသို့ သတ်မှတ်တာဝန်အရ ဆောင်ရွက်ရသည့် လုပ်ငန်းများအား ဒေသခံပြည်သူများနားလည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အကူအညီ များပေးရာတွင် ဘေးဒုက္ခအမျိုးအစားအလိုက် လိုအပ်ချက်ကွဲပြားနိုင်သဖြင့် ယင်းအချက်ကိုလည်း ထည့် သွင်း စဉ်းစား သင့်ပါကြောင်း ဆွေးနွေးပါသည်။

ဗြိတိန်နိုင်ငံသံအမတ်ကြီးက ဆွေးနွေးရာတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံလုံလောက် လောက် ပေးအပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်မှုသည် လုပ်ငန်းပမာဏကြီးမားသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သမျှ အရင်းအမြစ် အားလုံးကို အသုံးပြုနိုင်ရန်ဝိုင်းဝန်းနည်းလမ်းရှာဖွေပေးလိုကြောင်း၊ ယခုဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများနှင့် တစ်ဆက် တည်း ရေရှည်အတွက်ဆောင်ရွက်ရမည့် အစီအစဉ်များစွာရှိနိုင်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာက ပေးအပ်လာမည့်အကူအညီများအား လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးစေလို ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေရသည့် အခက်အခဲများကို နားလည်သိမြင်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ထိရောက် အောင်မြင်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေများသည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များဆောင်ရွက်ခဲ့သည့်ကာလနှင့်ခြားနားမှုရှိကြောင်း၊ လိုက်လျောညီထွေစွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံတော်အစိုးရနှင့် နီးကပ်စွာဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊  ဖွံ့ဖြိုးမှု အထောက်အကူပြု   မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်မည့် နည်းလမ်းများဆွေးနွေးနိုင်ရန် ယုံကြည်ပါကြောင်း၊ မိမိဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ တာဝန်နှင့် အကြံပြုချက်များစွာအား အကောင်အထည်ဖေါ်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ ရွေးချယ်ကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်အတွက်  ထောက်ပံ့ဆောင်ရွက် မှုများတွင် Red Cross Movement ဖြင့် နိုင်ငံတော်အစိုးရက ဦးဆောင်ညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အထိရောက်ဆုံး အောင်မြင်နိုင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒိန်းမတ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် Red Cross Movement နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်ပြည်ထောင်စု   ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့် အဖွဲ့အား တွေ့ဆုံရာတွင် Mr. Patrick Murphy က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသော မိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကျယ်ပြန့်သည့် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းနေရသည်ကို နားလည်သိရှိပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လူသားခြင်းစာနာထောက်ထား မှုဆိုင်ရာ ကူညီမှုများပေးနိုင်ရေးအတွက် နေရပ်စွန့်ခွာရသူ အားလုံးအကူအညီရရှိရေး ဆောင်ရွက်မည့် အစီအစဉ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီလိုသူအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အခြေအနေများအား သိရှိလိုပါကြောင်း၊ အရေးပေါ်ထောက်ပံ့ကူညီမှုများအား ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) ဖြင့်ဆောင်ရွက်မှုသည်အလွန်ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ရေရှည်အတွက် ပိုမိုကျယ်ပြန့်ကြီးမားသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီလိုအပ်နိုင်သည်ဟု တွေ့ရှိသုံးသပ်မိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ကူညီနိုင်ရေးအတွက် ရေရှည်လိုအပ်ချက်များအား စနစ်တကျ ဆန်းစစ် သွားရန်လိုအပ်နိုင်ပါကြောင်း၊ ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင် မလိုလားအပ်သည့် ငတ်မွတ် ခေါင်းပါးမှုများ မဖြစ်ပေါ်စေရေးအတွက် လျင်မြန်မှုကိုဦးစားပေးရန် လိုအပ်ပါကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာနေသူများအနေဖြင့် လိုအပ်ချက်များစွာရှိ နိုင်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအပြင် အခြားမည့် သည့်လုပ်ငန်းများအား ဦးစားပေးဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ပြန်လည်ဝင်ရောက်သူများအား ၎င်းတို့မူလနေရပ်တွင် ပြန်လည်နေထိုင်ခွင့် ရရှိရေးပံ့ပိုးပေးစေလိုပါ ကြောင်း ဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည် ဖော်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ခုကို ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီတွင်ဥက္ကဌအနေဖြင့် ဆောင်ရွက်နေမှုနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အမြဲတမ်းအတွင်းဝန်များ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ် ကိစ္စတွင် လူမျိုး၊ဘာသာမခွဲခြားပဲ နေရပ်စွန့်ခွာ ရသူအားလုံးအား ထောက်ပံ့ကူညီပေးနေမှုအခြေအနေ၊ ယင်းသို့ ကူညီရာတွင် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် နိုင်ငံတော်မှ ဦးဆောင်နေမှုအခြေအနေတို့အား ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်၍ ထို့တို့လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုနှင့် ယခင်အခြေအနေများပေါ် မူတည်၍ လိုအပ် သလိုညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦးလိုအပ်ချက် ဆန်းစစ်ခြင်းအဖြစ် သီးခြား ဆောင်ရွက်သော်လည်း မူရင်းကျေးရွာများတွင် နေထိုင်သူဦးရေစာရင်းအား ပြည်နယ်အစိုးရမှကောက်ခံထားသည့် စာရင်းဇယားများအား အခြေခံပြီး ထောက်ပံ့လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများအား ထောက်ပံ့ရာတွင် မြို့နယ်အဆင့် / ပြည်နယ် အဆင့်အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး လိုအပ်ချက်အရ ပံ့ပိုးဆောင်ရွက်ပေးနေပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ် ရာတွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ RCM တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း လုံခြုံရေးအတွက် ပံ့ပိုးကူညီပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရောက်ရှိနေသူများအား ပြန်လည် လက်ခံနိုင် ရေးအတွက် ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအား စနစ်တကျ စိစစ် လက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးထားရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် လည်းအလားတူ ကောင်းမွန်သောဆက်ဆံရေး ဆက်လက်ထားရှိပါကြောင်း ဆွေးနွေး ပြောကြားပါသည်။

မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူ အားလုံးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက လှူဒါန်း ငွေကျပ်(၂၀၀)သန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးကလည်းကောင်း၊ မြန်မာ နိုင်ငံ သူနာပြုနှင့် သားဖွားအသင်း (ဗဟို) က လှူဒါန်းငွေ ကျပ်သိန်း(၂၀)အား ပါမောက္ခ ဒေါ်ရင်မြနှင့် တာဝန်ရှိသူများမှလည်းကောင်း လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:   MSWRR

Sign Up

Upcoming Events