ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ပူးတွဲဥက္ကဋ္ဌဦးညီပုနှင့် ပြည်နယ်အစိုးရ အဖွဲ့ ရုံးဧည့်ခန်းမ၌တွေ့ဆုံကာ နေရပ်ရှောင်ပြည်သူများ ပြည်လည်ထူထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့သည် ပူးတွဲဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ စစ်တွေမြို့မှ ကျောက်တော်မြို့သို့ရောက်ရှိပြီး သာသနာ့ဗိမာန်၌ နေရပ်မှစွန့်ခွာကာ ရောက်ရှိလာသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှ ပြည်သူများကို အားပေးစကားပြောကြားကြပြီး မိသားစု (၂၅၄) စုအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို ထောက်ပံ့ပေး ခဲ့သည်။
ထို့နောက် ကျောက်တော်မြို့ပေါ်ရှိ မဟာကံကြီးရှင် ဘုရားဝင်းအတွင်းရှိ ကယ်ဆယ်ရေးစုရပ်သို့ ရောက်ရှိရာ ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အား အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ၊ စားနပ်ရိက္ခာများနှင့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများ ကူညီထောက် ပံ့ပေးခဲ့သည်။
ယင်းနောက် အဆိုပါ ဘုရားဝင်းအတွင်း ခိုလှုံလျက်ရှိသော ဒေသခံများက မိမိတို့၏ မူလနေရပ်ဒေသများလုံခြုံရေး၊ အလုပ် အကိုင် အခွင့် အလမ်းရရှိရေး၊ လတ်တလော စားဝတ်နေရေး ကိစ္စရပ်စိန်ခေါ်မှု ပြဿာနာများကို တင်ပြကြသည်။
Source: MSWRR