ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးကျင်းပပြုလုပ်

15 Pic 02

နေပြည်တော် ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရသစ်တာဝန်ရယူပြီးမကြာမီ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ကစတင်၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ရပ်ကို ဖွဲ့စည်းပြီးလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဉ်များမှာ ကာလရှည်ကြာ ြစ်ပွား ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ရန် အကြံဉာဏ်များရယူလိုသဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် မောင်တော ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထပ်မံဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုကော်မရှင် (၂) ရပ်၏ အကြံပြုချက်ချက်များပေါ်ထွက်လာပြီးဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် “ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ် ကြောင်း၊ ကော်မတီအနေဖြင့် အကြံပြုချက်များအနက် ပြည်သူအကျိုးရှိပြီး လက်ရှိမြေပြင် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သောအချက်များကို ဆောင်ရွက်ရန်ဖြစ်သဖြင့် သက်ဆိုင်ရာကော်မတီဝင် ဝန်ကြီး ဌာနများအလိုက် ကွင်းဆင်းလေ့လာသုံးသပ်ခြင်းကို ရက်သတ္တပတ် (၂) ပတ်အတွင်းအပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ စီမံချက်မှထွက်ပေါ်လာသော ဆောင်ရွက်ရန်ကိစ္စများကို ဦးစားပေးအဆင့်သက်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကော်မရှင် (၂) ရပ်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရာ တွင် ဖြစ်နိုင်ချေရှိသည်များကို ဦးစားပေးအလိုက်ဖေါ်ထုတ်၍ ရေရှည်အတွက် လက်တွေ့ကျကျဆောင်ရွက် ရမှာဖြစ်ကြောင်း၊ အပြောင်းအလဲကို သိသိသာသာဖြစ်ရေးလုပ်ဆောင်ဖို့လိုအပ်ပါကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် နိုင်ငံရေးကိုလည်းထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကော်မတီ၏လုပ်ငန်းတာဝန် (၁၀) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင် ရာကဏ္ဍအလိုက် စီမံချက်များရေးဆွဲနိုင်ရေးနှင့် လက်တွေ့အကောင်အထည် ဖေါ်ဆောင်ရွက်နိုင် သည့် စီမံချက်များဖြစ်ဖို့လိုကြောင်း၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်က သီးခြားရုံးဖွင့်လှစ်ဆောင်ရွက်ရေး၊ အကြံပြု ချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်မည့်ဌာနများ သတ်မှတ်တာဝန်ပေးအပ်ရေး၊ လစဉ် အစီရင်ခံစာများ ပြုစုတင်ပြရေးနှင့် လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းသည့် စီမံချက်များဖြစ်စေ ရေးအတွက် ရခိုင်ပြည်နယ်သို့ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ကော်မတီဖွဲ့စည်းမှု၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များနှင့် သီးခြားဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် ကော်မ တီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့ပါဝင်ကာ ကော်မတီဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေးန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် နိုင်ငံတော်သမ္မတရုံး၊ စီမံရေးနှင့် ဘဏ္ဍာရေးရာဌာန ကြီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်တို့ဖြင့် နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။

Source: MSWRR

Sign Up

Upcoming Events