၁၃-၉-၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်မတွင် ယနေ့နံနက် ပိုင်းကလာရောက်တွေ့ဆုံ ခဲ့ပါသည်။
တွေ့ဆုံရာတွင် သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်သို့မကြာခဏ သွားရောက်ပြီး ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို သတိပြုမိပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီတွင် ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်အတွက် ဂုဏ်ပြုပါကြောင်း၊ တာဝန်ကြီးလေးမည်ဟု ယူဆပါ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိတ်ဆွေမြန်မာနိုင်ငံ အခက်အခဲဖြစ်ချိန် အကူအညီပေးလိုပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကူညီရေးကိုတရုတ်နိုင်ငံဘက်မှ လူမှုရေးတာဝန်အဖြစ်ယူဆပါကြောင်း၊ ယခုမိမိနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့်ရေနံ နှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီးပွားရေးစီမံကိန်းမှ တာဝန်ရှိပုဂ္ဂိုလ်များကိုပါ အတူခေါ်ဆောင်လာပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များအတွက် ကုမ္ပဏီကကူညီရန်ဆန္ဒရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာရှင်းလင်းပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဟုယူဆပါကြောင်း၊ အစိုးရ၏ အကြမ်းဖက်သမားများတိုက်ဖျက်ရေးနှင့် ပြည်သူ သို့ကူညီနိုင်ရေး ဆောင်ရွက်နေမှု အပေါ်ထောက်ခံပါကြောင်း၊ရခိုင်ပြည်နယ်ရှိတိုင်းရင်းသားများစည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးမြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်နိုင်ငံအစိုးရမှထောက်ခံပါကြောင်း၊ ရခိုင်ပြည်နယ် အေးချမ်းသာယာ၍ တိုးတက်ဖွံ့ဖြိုးခြင်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးရှိမည်ဖြစ် ပါကြောင်း၊ ယခုအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အိုးအိမ်စွန့်ခွာလာရသူများရှိရာ အကူအညီများစွာ လိုအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှလူသား ချင်း စာနာမှုအကူအညီပေးနိုင်ရန် အဆွေတော် ပြည်ထောင်စုဝန်ကြီးမှ မည့်သို့ကူညီရမည်ကို ဆွေးနွေး ပေးစေလိုပါကြောင်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိအားဥက္ကဌတာဝန်ပေးအပ်မှုမှာ တာဝန်ကြီးတစ်ရပ်ဖြစ်ပြီး ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုလိုလာရောက်အားပေးခြင်းကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့်၂၀၁၇ခုနှစ်၊ သြဂုတ်လဖြစ်စဉ်များတွင် အကြမ်းဖက်သမားကအရင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းအောင်ဆောင်ရွက် ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက သတင်းအမှားများကြောင့် ဖိအားများစွာပေးနေခြင်း ဖြစ်ပါ ကြောင်း၊ စင်စစ်တွင်အကြမ်းဖက်သမားကြောင့် ထိခိုက်သေဆုံးရသူများမှာ လူနည်းစုတိုင်းရင်း သားများဖြစ်သည့် ရခိုင်၊ ဒိုင်းနက်၊ ခမီ၊ သက်၊ မြို လူမျိုးများနှင့်ဟိန္ဒူဘာသာဝင်များထဲကဒိုင်းနက်၊ မြို၊ ရခိုင်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများဖြစ်ပါကြောင်း၊ ရဲစခန်း (၃၀) ခန့်ကို တိုက်ခိုက် ခြင်းဖြစ်၍ လုံခြုံရေးအရ နယ်မြေရှင်းလင်း ခြင်းအပေါ်စွပ်စွဲနေခြင်းမှာ နိုင်ငံအတွက် အလွန်နစ်နာပါ ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းနယ်မြေရှင်း လင်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် အင်အားအလွန်အကျွံ မသုံးစွဲ ဘဲဥပဒေနှင့်အညီ ဆောင်ရွက်ရန်မှာကြားထားပါကြောင်း၊ ယခုဖြစ်စဉ်မှာ အသတ်ခံရသည်မှာ လူနည်းစုတိုင်းရင်းသားများဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူဆလင် လူမျိုးမှာ အများစုဖြစ်ပြီး၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများမှာ လူနည်းစုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဖြစ်မှန်ကိုရှင်းပြခွင့်ရတာမိမိတို့အတွက်ကောင်းမွန်ပါကြောင်း၊၎င်းအပြင်သတင်းများဖြန့်ချိရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသူ ဟိန္ဒူဘာသာကိုးကွယ်သူ (၅) ဦးအား မူဆလင်အဖြစ် အကြပ်ကိုင်စေခိုင်းပြီး လိမ်ညာဇာတ်လမ်းဆင်၍ ဗီဒီယိုရိုက်ကူးဖြန့်ချိမှုများရှိကြောင်း၊ သြဂုတ်လ (၂၅) ရက်နံနက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး သြဂုတ်လ (၂၇) ရက် နေ့တွင် ရေလမ်း၊ ကုန်းလမ်းအဆင်မပြေသဖြင့် မိမိအနေဖြင့် အရပ်ရဟတ်ယာဉ်ဖြင့် ဘေးသင့်ဒေသ (၂၁) နေရာသို့ သွားရောက်ပြီးလိုအပ်ချက်ဖော်ထုတ်၍ အကူအညီပေးခဲ့ ပါကြောင်း၊ အကြမ်းဖက်မှုဟုဆိုရာတွင် မူဆလင်ဘာသာဝင်အားလုံး အကြမ်းဖက်သမား မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် မူဆလင်ဘာသာဝင် ရွာများကအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ မူဆလင်ဘာသာဝင် ဘက်တွင်လည်း ထိခိုက်အားနည်းလွယ် သူများရှိပါကြောင်း၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement) ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနှင့် ပြည်တွင်း အလှူရှင်များ ကလည်းဒေသခံတိုင်းရင်းသားများအတွက် အကူအညီများပေးအပ်ရေး ဆောင်ရွက်နေပါကြောင်း၊ စက်တင်ဘာလ(၄)နေ့ကလည်း အလှူရှင်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့်ဥရောပကော်မရှင်တို့နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ကြက်ခြေနီ လှုပ်ရှားမှု အတွက်ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း၊ ယခုအခါ အကြမ်းဖက်တိုက်ခိုက် ခံရမှုကြောင့် စစ်တွေသို့ပြောင်းရွှေ့ရောက်ရှိလာသူ ခေတ္တနေရပ်စွန့်ခွာပြည်သူ (၂၆၀၀၀) ကျော်ရှိပါ ကြောင်း၊ စားနပ်ရိက္ခာနှင့်ပညာရေး၊ ကျန်းမာရေးအဆင်ပြေစေရန်ဆောင်ရွက်ထား ရှိပါကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းပါက မူလနေရာပြန်နိုင်အောင် စီစဉ်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေး စခန်းကြာရှည်ထားရှိမည်မဟုတ်ပါကြောင်း၊ အိုးအိမ်များမီးရှို့ဖျက်ဆီးခံရသဖြင ပြန်လည် ထူထောင် ရေးဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေးနှင့်နယ်စပ်ခြံစည်းရိုးကာရံရေးတို့မှာ အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ပြန်လည်ထူထောင်ရေးတွင် ဦးစားပေးဆောင်ရွက် ရမည့်အချက်များ မှာလုံခြုံရေး၊ပြန်လည်ထူထောင်ရေးတွင်အိမ်ရာများပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ဖန်တီးပေးရေးဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်သို့ အကြိမ်များစွာရောက်ရှိပြီးအခြေအနေမှန်ကိုသိသည့်အတွက် ယခုလိုလာ ရောက်တွေ့ ဆုံသဖြင့်အမှန်တရားကိုတင်ပြခွင့်ရသည့်အတွက်ဝမ်းသာပါကြောင်း၊ ရခိုင် ပြည်နယ်အတွင်း တရုတ်နှင့်မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုက အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဟုယူဆပါကြောင်း၊ အရေးကြုံတိုင်း ဆွေမျိုးပေါက်ဖော် စိတ်ဓါတ်ဖြင့် ကူညီသည့် တရုတ်နိုင်ငံအားကျေးဇူးတင်ရှိပါကြောင်းဆွေးနွေးပါသည်။
တရုတ်သံအမတ်ကြီး H.E Mr. Hong Liang ကလည်းတရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံဘက်ကရပ်တည်မည်ဖြစ်ပြီးနီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမီဒီယာ များကိုလည်း ရခိုင်ကိစ္စသတင်းမှန်ထုတ်ပြန်ဖို့ တိုက်တွန်းမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ စီးပွားရေး စီမံကိန်းများဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးအတွက် လိုအပ်သည့် ပစ္စည်းစာရင်းများကို မြန်မာအစိုးရကသံတမန်နည်းလမ်းဖြင့် အမြန်ပေးပို့ပါရန်၊ တရုတ်နိုင်ငံဘက်မှ လည်း အမြန်ဆုံးကူညီမည်ဖြစ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက် မှုဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံမှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလှူဒါန်းငွေကျပ်(၅၅၀၀၀၀) နှင့် ငွေကျပ် (၁၅၀၀၀၀) တန်ဖိုးရှိခေါက်ဆွဲခြောက်များကို ပေးအပ်လှူဒါန်းရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။