ဒေသခံပြည်သူများ၏လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝန်ထမ်းများအားစုဖွဲ့၍ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

၁၁-၉-၂၀၁၇ နေပြည်တော်

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ထမ်းများအားစုဖွဲ့၍ ရခိုင်ပြည်နယ်သို့ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဝန်ထမ်းများအား (၁၀-၉-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တောဒေသမှလူနည်းစု ဒေသခံတိုင်းရင်းသားများဖြစ်သော မြိုလူမျိုး၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီလူမျိုး၊ မရမကြီးလူမျိုးနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများသည် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်  စိုးရိမ်ထိတ်လန့်ပြီး မိမိတို့နေရပ် များကို စွန့်ခွာကာ စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောမြို့ပေါ်များရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ပြောင်းရွေ့နေထိုင် လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာလာသူများကို ရိက္ခာနှင့် အခြားလိုအပ်သည်များအားဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများ၊ ကလေးများ အတွက် ကလေးပျော်နေရာများ ဖန်တီးခြင်းနှင့်ကလေးများကျန်းမာ ကြံ့ခိုင်စေရန် ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းနေ အရွယ် ကလေးများကျောင်းဆက်တက်နိုင်ရေး အတွက်လည်း ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဦးချင်းစီအတွက် အသေးသုံးထောက်ပံ့ငွေနှင့်လိုအပ်သော လူသုံးကုန်ပစ္စည်းများကိုဝန်ကြီးဌာနသို့ အလှူရှင်များက လှူဒါန်းထားရှိသော လှူဒါန်းငွေများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ်ရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှလည်း အဆိုပါအလှည့်ကျ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအား ဒေသအခြေအနေများကို ရှင်းလင်းပြောကြားကာ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အလုပ်သင်ဗိုလ်၊ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁) မှ ညီအစ်ကိုများနှင့် မိသားစုများမှ လှူဒါန်းငွေ ကျပ် (၁၀) သိန်းကို (၁၀-၉-၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ အလှူရှင်များကိုယ်စား ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) ကလည်းကောင်း၊ (၁၁-၉-၂၀၁၇) ရက်နေ့ တွင် နေပြည်တော် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တောင်တွင်းကြီးမြို့နယ်၊ ရခိုင်ဒေသဒုက္ခသည်များကူညီထောက်ပံ့ရေးအဖွဲ့မှ အလှူငွေ(၁၈၈၅၀၀၀၀ိ/)ကို မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့်အလှူရှင်များကလည်းကောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ လှူဒါန်းငွေ (၁၀) သိန်းကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကလည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကျန်းမာရေး စောင့်ရှောက်မှုအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်း ရှင်များအသင်း၊ မြန်မာခရီးသွားဘဏ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (ရခိုင်ဇုန်)၊ တံတားဦးဟိုတယ် စီမံကိန်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့က လှူဒါန်းသော စုစုပေါင်း အလှူငွေ (၇၆၀၅၀၀၀၀) ကို တာဝန်ရှိသူများကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လှူဒါန်းပစ္စည်းနှင့်လှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သောကူညီထောက်ပံ့မှုများတွင် စနစ်တကျထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ပါ သည်။

Sign Up

Upcoming Events