ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံ လူနည်းစု တိုင်းရင်းသားများအား တွေ့ဆုံပြီး ၎င်းတို့၏ အကြမ်းဖက်ခံရမှုနှင့် ခံစားချက်စကားသံများအား နားထောင်၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခြင်း

10-9-2017_310-9-2017_2

၁။        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ (၁၀-၉-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသည့် ဒေသခံလူနည်းစု တိုင်းရင်းသားများ ဖြစ်သော မြိုလူမျိုး၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီးလူမျိုး၊ ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများအား တွေ့ဆုံ၍ လူနည်းစုတိုင်းရင်းသားများ၏ ခံစားချက်များ၊ စကားသံများအား နားထောင်ခဲ့ပါသည်။

၂။        မြိုတိုင်းရင်းသားများမှ ပြောကြားရာတွင် “မိမိတို့တိုင်းရင်းများသည် မောင်တောဒေသတွင် လူနည်းစုဖြစ်ကြာင်း၊  မိမိတို့ မြိုတိုင်းရင်းသားများ အသတ်ခံရသော ဖြစ်စဉ်များကြောင့်  ကြောက်ရွံ့နေကြောင်း၊ မိမိတို့သည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်သောကြောင့် အေးအေးချမ်းချမ်းဖြစ်လျှင်   မိမိဒေသတွင်သာ နေထိုင်လိုကြောင်း၊ သို့သော် လူနည်းစုဖြစ်သောကြောင့် တိုင်းရင်းသားများ စုပေါင်း၍ နေထိုင်လိုကြောင်း၊ မိမိတို့ မြိုတိုင်းရင်းသားများ သာမက အခြားတိုင်းရင်းသားများနှင့်ပါ ပူးပေါင်း၍ နေထိုင်လိုကြောင်း ကားလမ်းဘေးတွင် ရွာများ တည်ပေးစေလိုကြောင်း” ပြောကြား ပါသည်။

၃။        ဒိုင်းနက်တိုင်းရင်းသားတစ်ဦးမှ ပြောကြားရာတွင်လည်း “မိမိတို့သည် လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြောင်း ၊ မိမိတို့နေထိုင်သည့် ရွာတွင် လူဦးရေ စုစုပေါင်း (၁၀၀) ကျော်သာ ရှိကြောင်း၊ မိမိတို့၏ ဘေးပတ်ဝန်းကျင်တွင် လူဦးရေ သောင်းဂဏန်းရှိသော လူများစုဖြစ်သည့် ဘင်္ဂလီများနေထိုင်ကြသဖြင့် လုံခြုံရေးကောင်းမွန်မှသာလျှင် မိမိဒေသ တွင် နေထိုင်ဝံ့မည်ဖြစ်ကြောင်း” ပြောကြားပါသည်။

၄။        သက်တိုင်းရင်းသားတစ်ဦးကပြောကြားရာတွင် “မိမိတို့သည် လူနည်းစုများဖြစ်၍ အကြမ်းဖက်လုပ်ဆောင်သူများနှင့် နီးကပ်စွာ ဆက်လက် မနေထိုင်ဝံ့တော့ကြောင်း၊ ထို့ကြောင့် မိမိဒေသမှ စွန့်ခွာလာရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအင်အားကောင်းမွန်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းမွန်ရန် လိုအပ်ကြောင်း လုံခြုံမှုရှိမှသာ မိမိဒေသသို့ ပြန်ဝံ့မည် ဖြစ်ကြောင်း” ပြောကြားပါသည်။

၅။        ဟိန္ဒူဘာသာကိုးကွယ်သူများမှ ပြောကြားရာတွင် “ခမောင်းဆိပ်ဟိန္ဒူရွာမှ အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၀၈)ဦးရှိရာ (၉၆)ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အမျိုးသမီး (၆)ဦးနှင့် ကလေး(၃)ဦးမှာ အကြမ်းဖက်သမားများ ခြိမ်းခြောက်ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်သွားကြောင်း၊ လမ်းခရီးတွင် ဟိန္ဒူအမျိုးသမီးများကို မုဒိမ်း ကျင့်ခံရကြောင်း၊ ထို့ပြင် ခြိမ်းခြောက်ပြီး ဟိန္ဒူအမျိုးသားခင်ပွန်းများကို ရခိုင်များက သတ်ဖြတ်သည်ဟု Video တွေ့ဆုံခန်းတွင် အတင်းအကြပ် ပြောခိုင်းကြောင်း၊ ၎င်း Video များအား လူမူကွန်ယက်များတွင် တင်ထားကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာ အကြီးအကဲတစ်ဦးမှ ကယ်တင်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့အား ဖုန်းဆက် အကြောင်းကြား၍ သိရှိရခြင်းဖြစ်ကြောင်း၊ ထို့ပြင် အိုးထိန်းရွာမှ ဟိန္ဒူသာသာကိုးကွယ်သူ (၆၀၀) ကျော်ရှိသည့်အနက် (၄၉၅)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ရွာသို့ ရောက်ရှိ ခိုလှုံနေကြောင်း၊ မိမိတို့နှင့် ဖုန်းအဆက်အသွယ်ရကြောင်း၊ (၁၄၄)ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ထို့ကြောင့် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာကိုးကွယ်သူများ အရေးအား ဆောင်ရွက်ပေးစေလိုကြောင်း” ပြောကြားပါသည်။

၆။        ရခိုင်တိုင်းရင်းသားများမှ ပြောကြားရာတွင် “အကြမ်းဖက်သမားများမှ လမ်းများတွင် မိုင်းတွေ ထောင်ထားကြောင်း၊ မောင်တောမြို့ပေါ်တွင်ပင် အကြမ်းဖက်မီးရှို့သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်း၊ မြို့ပေါ်ကိုလည်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားရွာများမှာ လူနည်းစုဖြစ်၍ ဆက်လက်မနေထိုင်ဝံ့ပဲ နေရပ်စွန့်ခွာလာကြကြောင်း၊ ကိုယ့်မြေကိုယ့်ရေကို မစွန့်လွှတ်လိုကြောင်း၊ လုံခြုံရေး အပြည့်အဝချထားပေးရန် လိုအပ်ပါကြောင်း” ပြောကြားပါသည်။

၇။        ပြည်ထောင်စုဝန်ကြီးက “ယခုလိုဖြစ်စဉ်များ ရင်တွင်းခံစားချက်တွေကို ပြောကြား သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ အကောင်းဆုံး ဆောင်ရွက်ပေးနေပါကြောင်း၊ မိမိတို့အစိုးရသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကို ဦးစားပေး၍ လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ များကိုလည်း ဘေးဒုက္ခရောက်သူတိုင်းအား မျှတစွာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခဲ့ပါကြောင်း ယခုအကြမ်းဖက်ဖြစ်စဉ်ကြောင့်  လူနည်းစုတိုင်းရင်းသားများနှင့် မောင်တောဒေသ လုံခြုံရေးအတွက် အားလုံး ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည်တို့တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် မောင်တောမြို့ပေါ်စုရပ်များသို့ နေရပ်စွန့်ခွာလာကြသော လူနည်းစု တိုင်းရင်းသားပြည်သူ (၃၅၈၆) ဦးအတွက် လတ်တလော အသုံးစရိတ်အဖြစ် ထောက်ပံ့ငွေ စုစုပေါင်း (၇,၁၇၂,၀၀၀/-)အား ထောက်ပံ့ပေးခဲ့ပါသည်။

၈။        ထို့နောက် အမှတ်(၂)မူလွန်ကျောင်းသို့ သွားရောက်၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်နေသော ဟိန္ဒူဘာသာကိုးကွယ်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ကလေးများအား မုန့်နှင့် အရုပ်များ ပေးအပ်ခဲ့ပါသည်။

၉။        ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာလာရသော လူနည်းစုဒေသခံတိုင်းရင်းသားများဖြစ်သော ခမီးလူမျိုး၊ မြိုလူမျိုး၊ ဒိုင်းနက်လူမျိုး၊ ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများအား တွေ့ဆုံ၍ လူနည်းစု တိုင်းရင်းသားများ၏ စကားသံများအား နားထောင်ခဲ့ပါသည်။ အများစု၏ တင်ပြချက်မှာ “မိမိတို့ရခိုင်ဒေသတွင် ဒေသခံတိုင်းရင်းသားများနှင့် လူနည်းစုများဖြစ်သော ဒိုင်းနက်၊ သက်၊ မြို၊ ခမီးနှင့် ကရင်၊ ဟိန္ဒူဘာသာကိုးကွယ်သူများသည် လူနည်းစု ဖြစ်ကြပြီး၊ လူများစုဖြစ်သော ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ခံနေရခြင်းဖြစ်ကြောင်း၊ ဤအကြမ်းဖက်သမားများ၏ စတင်တိုက်ခတ်မှုများ အပြစ်မဲ့လူနည်းစု တိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခြင်းများသည် အလွန်ပင် ကြမ်းကြုတ်လှသဖြင့် ကြောက်ရွံ့တုန်လှုပ်ကြရပြီး ယခုတိုင် ကြောက်စိတ်ဖြင့် စိတ်ဒုက္ခ ခံစားနေရကြောင်း၊ လုံခြုံမှုကို ဆောင်ရွက်ပေးသော်လည်း စိတ်မချဖြစ်နေသောကြောင့် နေရပ်ပြန်ရန် စိုးရွံ့နေကြောင်း  ပြောကြားသွားပါသည်။

၁၀။      ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ပေါ် စုရပ်များသို့ နေရပ်စွန့်ခွာလာကြသော လူနည်းစုတိုင်းရင်းသားပြည်သူ (၂၃၂၉) ဦးအတွက် လတ်တလောအသုံးစရိတ် အဖြစ် ထောက်ပံ့ငွေ (၄,၆၅၈,၀၀၀/-)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၀-၉-၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မဏိရတနာကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံမှ သြဝါဒခံယူခဲ့ပါသည်။ ထို့နောက် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ကျောင်းတိုက်တွင် ခိုလှုံနေသော မိသားစုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုကူညီရေးလုပ်ငန်းနှင့် ကလေးများအတွက် ကလေးပျော်နေရာများ ဖန်တီးပေးခြင်းနှင့် ကလေးများ ကျန်းမာ ကြံ့ခိုင်စေရန် ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးပါသည်။ ထို့ပြင် ကိုယ်ဝန်‌ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ကလေးများအတွက် ကစားစရာအရုပ်များနှင့်မုန့်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စစ်တွေမြို့ပေါ်ရှိ စုရပ် များတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာလာကြသော တိုင်းရင်းသား (၅၃၆၅) ဦးအတွက် လတ်တလောအသုံးစရိတ်အဖြစ် ထောက်ပံ့ငွေ (၁၀,၇၃၀,၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events